By Ra Wai / MPA
မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် ဒဏ်ရာရစစ်သားများကို သယ်လာသည့် စစ်ကြောင်း PDFတို့၏ တိုက်ခိုက်ခြင်းခံရပြီး အထိနာသဖြင့် လေကြောင်းပစ်ကူပေး၍ ဖောက်ထွက်ခဲ့ရကြောင်းသိရသည်။
ဇန်နဝါရီ ၁၇ရက်တွင် မြိုင်မြို့နယ်၊ ကန်နီပျူစောထီးရွာမှထွက်လာသည့် ရိက္ခာပို့စစ်ကြောင်း တိုက်ခိုက်ခံရပြီးနောက် ဇန်နဝါရီ ၁၈ရက် နေ့ခင်းပိုင်း၌ ဒဏ်ရာသူများကို သယ်ဆောင်ကာ မြိုင်မြိုသို့ ဦးတည်ထွက်လာသည့် စစ်ကြောင်းအား ထပ်မံတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း MPA၏မြိုင်စစ်ရေးသ တင်း အရင်းမြစ်ထံက သိရသည်။
“ ပထမထွက်တဲ့နေ့မှာ ကာကွယ်ရေးတပ်တွေ့နဲ့ ထိတွေ့မှုဖြစ်တယ်။ ထိခိုက်မှုများတဲ့အတွက် Mi 35နဲ့နှစ်ကြိမ်၊ ဂျက်ဖိုက်တာနဲ့ တစ်ကြိမ်ဗုံးလာကြဲတာရှိတယ်။ ဒုတိယနေ့ကတော့ ဒဏ်ရာရတဲ့သူတွေကို မြို့ထဲကို သယ်ဖို့လုပ်တာရှိတယ်။ အဲ့မှာ ကာကွယ်ရေးတပ်တွေနဲ့ ထိတွေ့မှုထပ်ဖြစ်ပြီးတော့ အထိနာပြီးတော့ Mi35 နဲ့ လာပစ်တယ်။ ဖိုက်တာနဲ့လည်း ဗုံးလေးလုံးကြဲသွားတယ်” ဟု rက MPAသို့ပြောသည်။
စစ်ကောင်စီစစ်ကြောင်းသည် အထိနာသော်လည်း လေကြောင်းပစ်ကူဖြင့် ရှေ့ဆက်တိုးကာ ကျောင်းကုန်းရွာထဲသို့ ဝင်ရောက်ပြီး နေအိမ်၁၀လုံးကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရသည်။
” သူတို့က လေကြောင်းပစ်ကူခေါ်ပြီးတော့ ကာကွယ်ရေးအဖွဲ့တွေကို ပြန်ဝိုင်းတဲ့ အနေအထားမျိုးပြန်လုပ်တာပေါ့။ ကန်နီရွာထဲကို ပြန်မဝင်ဘဲ ရွာထဲ(ကျောင်းကုန်း)ကိုအရင်ရောက်အောင်တိုးတော့တာ” ဟု ၎င်းက ဆက်လက်ပြောသည်။
ယင်းနှစ်ရက်တာတိုက်ပွဲအတွင်း သေဆုံး စစ်သား ၁၀ဦးဝန်းကျင်ရှိပြီး ထိခိုက်ဒဏ်ရာရရှိသူ ၃၀ကျော်ရှိကြောင်း၊ သေဆုံးသူများကို ကန်နီပျူရွာထဲ၌ မြေမြှုပ်လိုက်ကြောင်း သိရသည်။
စစ်ကောင်စီ၏ ရိက္ခာယာဉ်တန်းနှင့် စစ်ကြောင်းတို့ မြိုင်မြို့ထဲသို့ ပြန်လာနိုင်ရန်အတွက် ဇန်နဝါရီ ၁၈ရက် ညပိုင်း၌ ဘူဒိုဇာကားဖြင့် လမ်းရှင်းလင်းရေးလုပ်ကာ ချောင်းထဲမှတစ်ဆင့် ဝင်ရောက်နိုင်အောင် ပြုလုပ်နေကြောင်းသိရသည်။


