By Ra Wai / MPA
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် လမ်းပိုင်းကင်းယူရန်လာသည့် စစ်သားများ မိုင်းဆွဲခံရပြီး ခုနှစ်ဦးသေဆုံးကြောင်းသိရသည်။
ယနေ့ (ဇန်နဝါရီ ၁၈ရက်) နံနက် ကိုးနာရီကျော်တွင် ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေး လမ်းဘေး အဆောင်အအုံတစ်ခု၌ ကင်းယူရန် လာသည့် စစ်သားများကို လေးလုံးပါ ပဒေသာမိုင်းတစ်ပွိုင့်ဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Chaung U People’s Defence Force CHU PDFက သတင်းထုတ်ပြန်သည်။
“ ပထမနှစ်ယောက်က မိုင်းရှိလား၊မရှိလား။ အန္တရာယ်ကင်း၊မကင်း လာကြည့်တာဗျ။ သူတို့ထွက်သွားပြီး ချက်ချင်း ချောင်းဦးမြို့ထဲကနေ ဖောကားနှစ်စီးနဲ့ အင်အားလာချသွားတာ။ အဆောင်အအုံထဲဝင်ဝင် လမ်းပေါ်ပဲရှိရှိဆိုပြီး အဆောင်အအုံဝင်ပေါက်နဲ့ အဆောက်အအုံကို နှစ်လုံးစီ ခွဲပြီးတင်လိုက်တာ” ဟု Chaung U People’s Defence Force အဖွဲ့၊ သတင်းပြန်ကြားတာဝန်ခံက MPAသို့ပြောသည်။
ယင်းမိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်သား ၁၀ဦးကျော်ဒဏ်ရာရရှိကာ ချောင်းဦးပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူနေကြောင်းသိရသည်။
” ဒဏ်ရာရတာလည်း ၁၀ကောင်ရှိတယ်ဗျ။ ဒဏ်ရာကပြင်းတယ်ဗျ။ ကျတော်တို့ အရေအတွက် တိတိကျကျမသိရသေးလို့ ထပ်မထုတ်သေးတာဗျ” ဟု ၎င်းကပြောသည်။
အလောင်းနှင့် ဒဏ်ရာရသူများကို သယ်ဆောင်ရန် ချောင်းဦးမြို့ထဲမှ ခြေလျင်ထွက်လာသည့် စစ်သားငါးဦးနှင့် PDFကင်းပုန်းတို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား တစ်ဦးထပ်မံသေဆုံးခဲ့ကာ စစ်သားများ ပြန်ဆုတ်ပြေးသွားကြောင်းသိရသည်။
သေဆုံးသွားသည့် စစ်သားအလောင်းများသည် မိုင်းဆွဲခံရသည့်နေရာနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားသည့် နေရာတို့တွင် ယနေ့ နေ့ခင်း ၁၂နာရီကျော်အထိ ရှိနေသေးကြောင်းသိရသည်။
ချောင်းဦးမြို့နှင့် မိုင်းဆွဲခံရသည့်နေရာမှာ တစ်မိုင်ခန့်သာဝေးကြောင်း သိရသည်။
စစ်သားများ ထိခိုက်၊ သေဆုံးမှုကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။