By Nway / MPA
အာဏာသိမ်းစစ်ကောင်စီကြောင့် အသက် ၁၈ နှစ်အောက်ကလေးများ သေဆုံးမှုမှာ ဆက်တိုက်မြင့်တက်နေကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း ( AAPP ) ထုတ်ပြန်သည့်စာရင်းအရ သိရသည်။
စစ်ကောင်စီကြောင့် အသက်၁၈နှစ်အောက်ကလေး သေဆုံးမှုမှာ ၂၀၂၁ ခုနှစ်တွင် ၁၀၁ ဦး၊ ၂၀၂၂ ခုနှစ်တွင် ၁၃၆ ဦး၊ ၂၀၂၃ ခုနှစ်တွင် ၂၀၈ဦးနှင့် ၂၀၂၄ ခုနှစ်တွင် ၂၄၈ ဦး၊ စုစုပေါင်း ၆၉၃ ဦး ဖြစ်ကြောင်းအမည်နှင့်တကွ အတည်ပြုနိုင်ခဲ့သည်ဟု AAPP က သတင်းထုတ်ပြန်သည်။
“စစ်ဘောင်က နှစ်အလိုက် ဆက်တိုက်ကျယ်လာတယ်။တိုက်ပွဲဖြစ်တဲ့နှုန်းလည်း မြင့်တက်လာတယ်။ ပြီးတော့ စစ်တပ်က သူတို့ရဲ့အဓိကအားကိုးရာဖြစ်တဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးနဲ့ ပစ် တာကို ပိုအားပြုလာရတာဆိုတော့ ဗုံးတွေ၊လက်နက်ကြီးတွေက မျက်စိမပါဘူး။မျက်စိပါလည်း လူကြီး၊ကလေး ခွဲမနေဘူး။ဘယ်ပြည်သူသေသေ အေးတာပဲစိတ်နဲ့ ပစ်နေတော့ သေဆုံးတဲ့ ကလေး အရေအတွက် မြင့်သထက်မြင့်လာတယ်လို့ ထင်တယ်” ဟု မုံရွာအခြေစိုက် နိုင်ငံရေးတက်ကြွလှုပ်ရှား သူတစ်ဦးကMPAသို့ပြောသည်။
သေဆုံးသူများအနက် ၂၂၈ဦးမှာ စစ်အုပ်စု၏ လေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့်ဖြစ်ပြီး ၂၀၉ဦးမှာ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဒုတိယအများဆုံး သေဆုံးခဲ့ရကြောင်း သိရသည်။
၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီက သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် စုစုပေါင်း ပြည်သူ၂၉၀ဦး သေဆုံးခဲ့ပြီး ၎င်းတို့အနက် အယောက်၂၀မှာ အသက် ၁၈ နှစ်အောက် ကလေးငယ်များဖြစ်ကြောင်း AAPP က ဆိုသည်။


