By Ra Wai / MPA
ကေအဲန်ယူ၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်အတွင်းရှိ တဂေးလောင်းရွာစာသင်ကျောင်းကို စစ်ကောင်စီ တပ်က လက်လုပ်အသေခံဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဇန်နဝါရီ၁၆ရက်၊ညနေငါးနာရီခန့်တွင် တဂေးလောင်းရွာစာသင်ကျောင်းကို လက်လုပ်အသေခံဒရုန်း နှစ်စင်းဖြင့် တိုက်ခိုက်ခဲ့ရာ ဒရုန်းတစ်စင်းသည် စာသင်ကျောင်းဆောင်ခေါင်မိုးအား ထိမှန်ခဲ့ပြီး အခြားတစ်စင်းမှာ စာသင်ကျောင်းနှင့်မနီးမဝေး၌ ကျရောက်ပေါက်ကွဲခဲ့ကြောင်း ကေအဲန်ယူဗဟိုက ယနေ့(ဇန်နဝါရီ၁၇ရက်)သတင်းထုတ်ပြန်သည်။
“ဘီးလင်း၊ကျိုက်ထို ရွာတွေဘက်ကို လက်နက်ကြီးနဲ့ပစ်တာက လုပ်နေကျပါ။အခုနောက်ပိုင်း ဒရုန်း တွေဘာတွေပေါ့။ဘာ့ကြောင့် ပစ်တာလဲဆိုတော့ နှစ်ပိုင်းရှိတယ်။ တစ်ပိုင်းက PDFတွေလာတိုက်မှာ စိုးလို့ လက်နက်ကြီးနဲ့ ကြောက်ပစ်လျှောက်ပစ်တယ်။နောက်တစ်ချက်က လက်တည့်စမ်းတာပေါ့။ ပြည်သူတွေရဲ့အသက်ကို လက်တည့်စမ်းတဲ့သဘော၊သူတို့လက်နက်တွေ အဆင်ပြေရဲ့လားလို့ ပြည် သူ့အသက်ကို လက်တည့်စမ်းတဲ့သဘောပါ” ဟု သထုံခရိုင်အခြေစိုက် PDFရဲဘော်တစ်ဦးက MPAသို့ ပြောသည်။
ယင်းပစ်ခတ်မှုကြောင့် စာသင်ကျောင်းဆောင်ခေါင်မိုးနှင့် မျက်နှာကျက်များ ပျက်စီးခဲ့ပြီး တဂေးလောင်းကျေးရွာနှင့် အနီးဝန်းကျင်ရွာများမှ ပြည်သူများ ကြောက်ရွံ့နေကြသည့်အပြင် စာသင်ကျောင်းများကိုလည်း ခေတ္တပိတ်ထားကြကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် ကျေးရွာစာသင်ကျောင်းနှင့် လူနေထိုင်ရာရပ်ရွာထဲသို့ ဒရုန်းဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခြင်းဖြစ်ကြောင်း ကေအဲန်ယူဗဟိုက ဆိုသည်။





