By Wadi / MPA
ရန်ကုန်မြို့တွင် လျှပ်စစ်မီးပြတ်တောက်မှု ဆိုးရွားလာသဖြင့် ပြည်သူများသည် ဆိုလာ၊ ဘတ္ထရီနှင့် Power Station ဝယ်ယူမှု များလျက်ရှိကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
စစ်ကောင်စီလက်အောက်ခံ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက အုပ်စု သုံးခု ခွဲ၍ ရန်ကုန်မြို့ နေပြည်သူများကို အလှည့်ကျစနစ်ဖြင့် လျှပ်စစ်မီးဖြန့်ဖြူးပေးမည်ဟု ၂၀၂၅ခုနှစ်၊ ဇန်နဝါရီ နှစ်ဆန်းပိုင်းတွင် ကြေညာခဲ့သည်။
ထိုသို့ ကြေညာထားသော်လည်း မီးလာရမည့် အချိန်များတွင် လျှပ်စစ်မီးပြတ်တောက်မှုများကို ရန်ကုန်မြို့နေ ပြည်သူများ တွေ့ကြုံနေရသည်ဟု ဆိုသည်။
“အရင်က ပြတ်ချိန် လာချိန် မှန်သေးတယ်။ အခုမီးပြတ်တာက အချိန်မမှန်တော့ဘူး။ နောက်ပိုင်း ထမင်း၊ ဟင်းချက် နေရင်း တန်းလန်းပါပြတ်တော့ ဒုက္ခများလာပြီ၊ မီးပြတ်တဲ့ ဒုက္ခမခံစားနိုင်တော့လို့ အိမ်မှာ အဲကွန်း၊ ရေခဲသေတ္တာ၊ လက်တော့၊ ဖုန်း၊ ပါဝါဘဏ်နဲ့ တစ်အိမ်လုံးက မီးတွေ အားလုံးသုံးလို့ရအောင် Power Station ဝယ်လိုက်တာ သိန်း ၅၀ကျော်ကုန်တယ်။ နွေရာသီရောက်ရင် အခုထက် ပိုဆိုးလာမှာမို့ အခုထဲက ဝယ်ထားလိုက်တာ” ဟု တာမွေမြို့နယ် အထပ်မြင့် တိုက်ခန်းတွင် နေထိုင်သော ကိုဝင်းအောင်(အမည်လွှဲ)က ပြောသည်။
လျှပ်စစ်မီး ဆိုးရွားစွာပြတ်တောက်မှုကို ဖြေရှင်းရန်အတွက် ဇန်နဝါရီလဆန်းပိုင်းမှစတင်ကာ နေရောင်ခြည်စွမ်း အင်သုံး ဆိုလာပြားများ၊ ဘတ္ထရီများနှင့် မီးလာချိန်တွင် အားသွင်း၍ ပြန်လည်အသုံးပြုနိုင်သော Power Station များကို ဝယ်ယူမှု များပြားလာခြင်းဖြစ်ကြောင်း သိရသည်။
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းသည် ယခင်က လေးနာရီမီးလာ၊ လေးနာရီမီးပြတ်စနစ်ဖြင့် အလှည့်ကျ လျှပ်စစ်မီးပေးခဲ့သော်လည်း နောက်ပိုင်းတွင် လေးနာရီမီးလာ ရှစ်နာရီပျက်စနစ်ဖြစ်လာသည်။
မီးပြတ်ချိန် များပြားလာသဖြင့် မြန်မာနိုင်ငံ၏ လူဦးရေအထူထပ်ဆုံးဖြစ်သော ရန်ကုန်မြို့တွင် နေထိုင်သော ပြည်သူ များသည် အခက်အခဲများစွာနှင့် ကြုံတွေ့လာရသည်။ အိမ်တွင် နေထိုင်၍ အလုပ်လုပ်သူများလည်း လျှပ်စစ်မီးပြတ်တောက်မှုကြောင့် ကွန်ပျူတာအားကုန်ခြင်း၊ ဝိုင်ဖိုင် အင်တာနက်အသုံးပြု၍ မရခြင်းကြောင့် အလုပ်ပြီးစီးရန် အခက်အခဲများ ဖြစ်နေကြောင်း သိရသည်။
“ မီးလာတဲ့ချိန်နည်းနေတော့ တစ်နေကုန် ကွန်ပျူတာနဲ့ အလုပ်လုပ်ဖို့ လျှပ်စစ်မီးက မလုံလောက်ဘူး။ ကွန်ပျူတာ ၊ TV နဲ့ ထမင်းပေါင်းအိုး ချက်ဖို့အတွက် power station ဝယ်လိုက်ရတယ်။ ဝိုင်ဖိုင်အတွက် UPS စက်ကို ဝယ်ပြီး သုံးနေရတယ်။ မီးလာတဲ့အချိန်တွေ အားသွင်း၊ မီးပျက်ရင် သွင်းထားတဲ့အားနဲ့ သုံးရတယ်။ power station မဝယ်ရင်လည်း အလုပ်လုပ်လို့ ရတော့မှာ မဟုတ်ဘူး” ဟု နေအိမ်၌ ရုံးအလုပ်လုပ်ရသော သင်္ဃန်းကျွန်းမြို့နယ်၌ နေထိုင်သူတစ်ဦးက ဆိုသည်။
ညဘက်ချိန်များတွင် မီးပြတ်တောက်မှု များလာသဖြင့် နေရောင်ခြင်စွမ်းအင်သုံး ဆိုလာပြားနှင့် ဘတ္ထရီဖြင့် အ သုံးပြု၍ မီးထွန်းနေရမှုများ ရှိနေသည်။ လက်ရှိတွင် ဆိုလာနှင့် ဘတ္ထရီကို ဝယ်ယူသူ များပြားလာသဖြင့် ဈေးနှုန်းမြင့်တက်လာမှုများလည်း ရှိနေကြောင်း သိရသည်။
“ထမင်း၊ ဟင်းချက်တာက ဂတ်စ်တို့ မီးသွေးတို့နဲ့ ချက်လို့ရသေးတယ်။ အိမ်မှာကလေးငယ်တွေရှိနေတော့ ညဆိုအမှောင်ထဲမှာ မနေချင်လို့ ဆိုလာ နဲ့ မီးလုံးတွေတပ်ထားလိုက်တယ်။ ရပ်ကွက်ထဲက အိမ်တော်တော် များများမှာ ဆိုလာတွေ ဝယ်ဆင်နေကြပြီ၊ ဆိုလာဝယ်တဲ့သူတွေ များနေလို့ ဈေးက အရင်ကထက် ပိုကြီးလာတယ်” ဟု တောင်ဒဂုံမြို့နယ်တွင် နေထိုင်သော ဒေါ်စိန်ကြည်က ပြောဆိုသည်။
ရန်ကုန်မြို့နေ ပြည်သူများ လျှပ်စစ်မီးပြတ်တောက်မှု ပြဿနာ ကြုံဆုံနေရချိန်တွင် ၂၀၂၅ ဇန်နဝါရီ ၁၀ရက်မှ ၁၂ ရက်အတွင်း ရန်ကုန်ကွန်ဗန်းရှင်းစင်တာ (𝐘𝐂𝐂)ခန်းမတွင် မီးစက်နှင့် ဆိုလာစွမ်းအင်သိုလှောင်မှုကုန်စည်ပြပွဲ ပြုလုပ်ခဲ့ပြီး အဆိုပါပွဲတွင် လျှပ်စစ်မီးရရှိရန် မီးစက်မောင်းခဲ့ရသည်။
မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သော ရန်ကုန်မြို့တွင် လျှပ်စစ်မီးကို အားထားနေရသော အကြီးစား၊ အသေးစား စက်မှုလုပ်ငန်းများစွာရှိပြီး စက်ရုံ၊ အလုပ်ရုံ၊ ကုမ္ပဏီ၊ ဆိုင်ခန်းများစွာ ရှိနေသည်။ ထို့ပြင် လူဦးရေ ခုနှစ်သန်းကျော် နေထိုင်သော ရန်ကုန်တွင် လျှပ်စစ်မီးပြတ်တောက်မှု ဆိုးရွားနေသော်လည်း အာဏာ သိမ်းစစ်ခေါင်းဆောင်နေထိုင်သော နေပြည်တော်တွင် ရန်ကုန်ထက် လျှပ်စစ်မီး နှစ်ဆကျော် ပိုပေးထားသည်။
လူဦးရေ တစ်သန်းကျော်ရှိသော စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရှိရာ နေပြည်တော်တွင် ပြည်သူ များအတွက် တစ်ရက်ကို ၁၆ နာရီပေး ရှစ်နာရီပိတ်၊ ဝန်ထမ်းအိမ်ရာများတွင် ၁၈ နာရီပေး လေးနာရီပိတ်စနစ် ဖြင့် လျှပ်စစ်မီးပေးထားကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ဇန်နဝါရီ ၆ရက်တွင် ထုတ်ပြန်ထားသည်။