By Nway / MPA
ပဲခူးတိုင်း၊ သာယာဝတီထောင်၌ အကျဉ်းချခံထားရသည့် နိုင်ငံရေးအကျဉ်းသား ကိုသူရအောင် ကျဆုံးသွားကြောင်း သိရသည်။
သာယာဝတီထောင်ရှိ အမျိုးသားဆောင် အဆောင်လေးတွင် လက်နက်ပုဒ်မ ၂၃(က)ဖြင့် ထောင်ဒဏ်သုံးနှစ် ကျခံနေရသည့် နိုင်ငံရေးအကျဉ်းသား ကိုသူရအောင်(ခ)ကိုကုလားကြီးသည် ဇန်နဝါရီငါးရက်တွင် ရုတ်တရက်နှလုံးဖောက်ခြင်းရောဂါကြောင့် ကျဆုံးခဲ့ရကြောင်း အကျဉ်းထောင်တာဝန်ရှိသူများထံက သိရှိရသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) က ယနေ့ ( ဇန်နဝါရီ ၁၇ရက် ) သတင်းထုတ်ပြန်သည်။
“ သင်္ဂြိုဟ်တဲ့အချိန်မှာ မိသားစုတွေ လိုက်ပါပို့ဆောင်ခွင့်မရခဲ့တာကို သိရှိထားရပါတယ်။ သင်္ဂြိုဟ်တာ ကို လည်း အကျဉ်းဦးစီးဌာနကပဲ လုပ်ခဲ့တာလို့ သိရပါတယ်” ဟု PPNM ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက MPA ကို ပြောသည်။
ကိုသူရအောင် ကျဆုံးချိန်တွင် အသက် ၃၂ နှစ်သာရှိသေးပြီး ဖမ်းဆီးခံရစဉ်က နှလုံးနှင့်ပတ်သက်၍ ရောဂါမရှိဘဲ ကျန်းမာသန်စွမ်းသူတစ်ဦးဖြစ်သည်ဟု သိရှိရကြောင်း PPNM က ဆိုသည်။
“ ရုတ်တရက် နှလုံးရပ်သေဆုံးတယ်လို့ ထောင်အာဏာပိုင်တွေက ပြောပေမဲ့ ကျတော်တို့အဖွဲ့အ နေနဲ့ ထောင်ထဲထိသွားပြီး စစ်ဆေးလို့ရတဲ့အဖွဲ့မဟုတ်တဲ့အခါကျတော့ ပြောရခက်ပါတယ်။ ဒါကြောင့် ICRC လို အဖွဲ့တွေအနေနဲ့ ထောင်တွင်းကျန်းမာရေးစောင့်ရှောက်မှုအခြေအနေတွေနဲ့ သေဆုံးမှုအခြေအနေတွေကို မိသားစုတွေ အချိန်နဲ့တစ်ပြေးညီသိရှိနိုင်ရေး၊ အကျဉ်းသားတွေအားလုံး ကျန်းမာရေးစောင့်ရှောက်မှုခံယူနိုင်ရေးတို့ကို လုပ်ဆောင်ဖို့ တိုက်တွန်းချင်ပါတယ်” ဟု ကိုသိုက် ထွန်းဦးက ပြောသည်။
ဇန်နဝါရီ ၁၀ရက်ကလည်း ဒိုက်ဦးအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား ကိုမျိုးမင်းဦးသည် ဆီးကျောက်ရောဂါဖြင့် ကျဆုံးခဲ့ပြီး ၂၀၂၅ ခုနှစ်၊ နှစ်စပိုင်းတွင်ပင် နိုင်ငံရေးအကျဉ်းသား နှစ်ဦး ကျဆုံးခဲ့ခြင်းဖြစ်သည်။