By Ko Paing/ MPA
ရန်ကုန်မြို့ရှိ လမ်းမများပေါ်တွင် ဓားပြတိုက်သကဲ့သို့သော လူဖမ်းဆီးမှုများမှာ ဆက်လက်အား ကောင်းနေဆဲဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့ပေါ်ရှိ လမ်းမများပေါ်တွင် မည်သို့သောအကြောင်းကြောင့်မှန်းမသိဘဲ စစ်အုပ်စုဝင်များဟု ယူဆရသူတို့က အရပ်ဝတ်များဖြင့် အရပ်သားလူငယ်များအား ဖမ်းဆီးနေမှုမှာ ၂၀၂၄ခုနှစ်၊ဒီဇင်ဘာ တုန်းကလောက် မများတော့သော်လည်း ဆက်လက်အားကောင်းနေသေးကြောင်း ရန်ကုန်၌ လက်ရှိတာဝန်ထမ်းနေသည့် ရဲသတင်းရင်းမြစ်ထံက သိရသည်။
“အခုဖမ်းနေတာက နိုင်ငံရေးအရ ဖမ်းတာလား။စစ်မှုထမ်းအတွက် ပေါ်တာဆွဲနေတာလား၊တချို့နေ ရာတွေမှာ ဖမ်းတဲ့ကောင်တွေက အရပ်ဝတ်နဲ့ဆိုတော့ ဘယ်ကောင်က ဖမ်းတာလဲဆိုတာ မသိပေမဲ့ ရန်ကုန်မှာ ဖမ်းနေတုန်းပဲ။ဒီဇင်ဘာလောက်မများပေမဲ့ သိသိသာသာ လျော့သွားတာမဟုတ်ဘူး။အ ဖမ်းခံရတဲ့လူငယ်တွေက တော်ရုံနိုင်ငံရေးကိစ္စလောက်နဲ့ဆို ထောင်ထဲမထည့်တော့ဘူး။စစ်ကြောရေး မှာ ရိုက်နှက်ပြီးတော့ စစ်သင်တန်းပို့နေတယ်လို့ သိရတယ်” ဟု ၎င်းက MPAသို့ပြောသည်။
ဖမ်းဆီးမိသော လူငယ်များကို စစ်မှုထမ်းဈေးကွက်သို့ ပို့ဆောင်နေကြပြီး အခကြေးငွေရရှိနေ၍ လူဖမ်းနေခြင်းဖြစ်ကြောင်း သိရသည်။
“လူဖမ်းနေတာ တာဝန်သဘောပါပေမဲ့ အဓိကကတစ်ယောက်ဖမ်းပေးနိုင်ရင် ဘယ်လောက်ဆိုပြီး ငွေ သိန်းဂဏန်း ပိုက်ဆံရလို့ ဖမ်းနေတာ။ပိုက်ဆံရနေတာဆိုတော့ ပို တက်ကြွကြတယ်။အဲဒါကို သတိပြုကြဖို့လိုတယ်”ဟု ၎င်းကဆက်လက်ပြောသည်။
ယင်းသို့သောလူဖမ်းဆီးမှုများကို ရန်ကုန်ဆင်ခြေဖုံးမြို့နယ်များတွင် အဓိကလုပ်ဆောင်နေကြောင်း သိရသည်။
ထို့အပြင် ရန်ကုန်မြို့အတွင်း ဧည့်စာရင်းစစ်ခြင်းနှင့် ဧည့်စာရင်း အစစ်ခံရသည့်အိမ်များမှ တန်ဖိုးကြီးပစ္စည်းနှင့်ငွေများ လုယက်ခြင်းတို့ကိုလည်း ရန်ကုန်အခြေစိုက်စစ်တပ်က ပြုလုပ်နေကြောင်းလည်း သိရသည်။