By Ra Wai / MPA
မန္တလေးတိုင်း၊ တောင်သာမြို့နယ်အတွင်းရှိ PDFထောက်ပို့ရဲဘော်တစ်ဦးကို စစ်ကောင်စီတပ်က ပစ်သတ်သွားကြောင်းသိရသည်။
ဇန်နဝါရီ ၁၄ရက်၊ နံနက် နှစ်နာရီခွဲခန့်တွင် မြင်းခြံမြို့နယ်၊ သံမဏိစက်ရုံမှ ထွက်လာသည့် အင်အား ၅၀ဝန်းကျင်ပါစစ်ကြောင်းသည် တောင်သာမြို့နယ်၊ခြုံကြီးရွာဘုန်းကြီးကျောင်းကိုဝင်စီးပြီး ထောက်ပို့ ရဲဘော်အား ဖမ်းဆီးခေါ်ဆောင်ကာ ရွာအနောက်ဘက်၌ ပစ်သတ်သွားကြောင်းသိရသည်။
“ မနက်ခင်းဝေလီ ဝေလင်း ဝင်လာပြီးတော့ သူနေတဲ့၊ အိပ်တဲ့ ဘုန်ကြီးကျောင်းကို ဝိုင်းပြီးတော့ တစ်ခါတည်း ဝင်ကုပ်သွားတာ။ လမ်းမှာတင်ပစ်သတ်သွားတယ်ဗျ။ ရွာအနောက်ဘက်မှာထားခဲ့တာ။ သူက scoutသဘောမျိုး၊ ထောက်ပို့သဘောမျိုးပေါ့။ ရွာမှာနေတဲ့သူ။ ရင်းထဲ(တပ်ရင်းထဲ)မှာတော့ မနေဘူး။ ဒါပေမဲ့ ရင်းသုံးရဲ့ လက်အောက်ခံဆိုတဲ့ သဘောမျိုးပေါ့” ဟု မြင်းခြံခရိုင်အမှတ်သုံး တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက MPAသို့ပြောသည်။
ယင်းစစ်ကြောင်းပြန်ဆုတ်ချိန်၌ ရဲတစ်ဦး အိမ်သာထဲ၌ ကျန်ခဲ့ပြီး ပြန်အထွက်တွင် လက်နက်များကို ဖွက်ထားကာ ရွာထဲ၌ လမ်းမေးနေစဉ် PDFတပ်ဖွဲ့များနှင့်တိုး၍ ဖမ်းဆီးခံလိုက်ရကြောင်း၎င်းထံက G3သေနတ် တစ်လက်၊ ကျည်အတောင့် ၂၅၀၊ ကျည်ဘောက် လေးခု၊ ၆၀မမတစ်ဖူးနှင့် စစ်အဝတ်အစားများသိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
“ ကျန်ခဲ့တဲ့ကောင်က အိမ်သာဝင်တက်နေတာ။ သူ့မှာ အလက်(သေနတ်)လည်းပါတယ်။ Equipment တွေ၊ ကျည်ဘာညာတွေလည်းပါတယ်။ ဒါပေမဲ့၊ သူက အိမ်သာကထွက်လာတော့ စစ်ကြောင်းက ရွာကထွက်သွားတာ။ သူကကျန်ခဲ့တော့ အလက်တွေဘာတွေ ဖွက်ခဲ့တာ။ လာက တည်းက အရပ်ဝတ်နဲ့လာတာဆိုတော့ အရပ်ဝတ်နဲ့ ရွာထဲကို လမ်းထွက်မေးတာ။ ကျတော်တို့ရင်း (တပ်ရင်း)က ရဲဘော်တွေက လူစိမ်းဆိုတော့ မေးရင်းမိတော့မှ သူဖွက်ထားတဲ့နေရာကို လိုက်ပြတာ” ဟု ၎င်းက ဆက်လက်ပြောသည်။
သတ်ဖြတ်ခံရသည့် ရဲဘော်၏ရုပ်အလောင်းကို ချက်ချင်းသင်္ဂြိုဟ်လိုက်ကြောင်း သိရသည်။