By Ra Wai / MPA
မကွေးတိုင်း၊ ချောက်မြို့နယ်တွင် PDF တိုက်ခိုက်ခြင်းခံရပြီးနောက် ပြန်လည်ဆုတ်ခွာသွားသည့် စစ်ကောင်စီစစ်ကြောင်းသည် ပြည်သူနှစ်ဦးကို သတ်ကာ တစ်ဦးအား ဖမ်းဆီးသွားကြောင်းသိရသည်။
ယနေ့ (ဇန်နဝါရီ ၁၅ရက်) နံနက် အစောပိုင်းတွင် ချောက်မြို့နယ်၊ ကုန်းကြီးပျူရွာမှ ထွက်လာသည့် အင်အား ၁၀၀ဝန်းကျင်ပါ စစ်ကြောင်းသည် PDFတိုက်ခိုက်ခြင်းခံရပြီးနောက် ပြန်လည်ဆုတ်ခွာစဉ် ထိန်စမ်းကျေးရွာမှ အမျိုးသားနှစ်ဦးအား သတ်ဖြတ်သွားကြောင်း Chauk Revolution Army အဖွဲ့က သတင်းထုတ်ပြန်သည်။
“ ပြန်ဆုတ်တဲ့ အဆုတ်မှာ သတ်သွားတာ။ ရှောင်ချိန်မရလိုက်တာပါ။ ပစ်တယ်ဆိုတာထက် ရက်ရက်စက်စက် သတ်သွားတာပါ။ ဦးနှောက်တွေပါပြန့်ကျဲနေတာ” ဟု Chauk Revolution Army အဖွဲ့၊ စစ်ရေးတာဝန်ခံ ရဲဘော်အာကြီးက MPAသို့ပြောသည်။
ယင်းစစ်ကြောင်းကို နံနက် ခုနှစ်နာရီခန့်တွင် ထိန်စမ်းကျေးရွာအနီး၌ တိုက်ခိုက်ခဲ့ရာ ထိတွေ့တိုက်ပွဲသုံးနာရီကြာဖြစ်ပွားခဲ့ကြောင်း သိရသည်။
“ အထိအခိုက်ရှိတာတော့သေချာပါတယ်။ အတိအကျတော့မသိသေးဘူးဗျ” ဟု ၎င်းကပြောသည်။
ထိန်စမ်းရွာသည် ကုန်ကြီးပျူရွာနှင့် လေးမိုင်သာကွာဝေးကြောင်းသိရသည်။
ယင်းတိုက်ခိုက်မှုကို Chauk Revolution Army နှင့် မဟာမိတ်အဖွဲ့တို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်း ဖြစ်ပြီး PDFရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။