By Than Lyan / MPA (Photo News)
ရန်ကုန်မြို့တွင် ၂၀၂၅နှစ်ဆန်းပိုင်းမှ စတင်ကာ အုပ်စု၊ အေ၊ ဘီ၊ စီ ခွဲ၍ တစ်ရက်လျှင် အလှည့်ကျ ၁၂ နာရီ မီးဖြတ်မည်ဟု စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ကြေငြာထားသော်လည်း တစ်ရက်လျှင် မီးပြတ်ချိန်သည် နာရီ ၂၀ နီးပါးရှိသည်။
ထိုကဲ့သို့ လျှပ်စစ်မီးပြတ်တောက်မှုကြောင့် ပြည်သူများအနေဖြင့် အခက်အခဲမျိုးစုံကြုံတွေ့နေရသော်လည်း စစ်ကောင်စီက ၎င်းတို့ သတ်မှတ်ထားသည့်အတိုင်း လျှပ်စစ်မီးကို မှန်ကန်စွာ ပေးနိုင်ခြင်းမရှိပေ။
“ ရန်ကုန်မှာက မီးပေးမှုစနစ်ကို အုပ်စု သုံးစုခွဲထားတယ်။ မီးလာတဲ့အချိန်ကမမှန်ပါဘူး။ လာရမဲ့အချိန်ထက် နာရီဝက်လောက် နောက်ကျပြီးမှ လာတယ်။ ညဆိုရင်လဲ တစ်နာရီလောက်မှ မီးလာတဲ့ရက်တွေဆိုရင် မအိပ်ဘဲ ထိုင်စောင့်ပြီး ရေတင်ရတယ်။ အရင်ခေတ်ကိုပြန်ရောက်သွားသလိုပဲ၊ ကုန်စျေးနှုန်းကကြီးရတာနဲ့ ရေပြတ်၊ မီးပြတ်နဲ့ အတော်ဒုက္ခရောက်တယ်” ဟု ရန်ကုန်မြို့တွင် နေထိုင်သည့် အသက် ငါးဆယ်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။
စစ်ကောင်စီ အာဏာသိမ်းပြီးနောက် လျှပ်စစ်မီးအား အပြည့်အ၀ မပေးနိုင်သော်လည်း ၂၀၂၄ခုနှစ် ၊ စက်တင်ဘာလမှ စတင်ကာ မီတာခများကို နှစ်ဆတိုးကောက်ခံခဲ့သည်။






