By Hlaing / MPA
ကချင်ပြည်နယ်၌ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် တစ်ပတ်အတွင်း အရပ်သား ၃၀ နီးပါး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်း သိရှိရသည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ရှစ်ရက်မှ ၁၃ ရက်အထိ စစ်ကောင်စီတပ်၏ လေကြောင်းအသုံးပြု၍ ဗုံးကြဲတိုက်ခိုက်သဖြင့် ကချင်ပြည်နယ်ရှိ တနိုင်းနှင့် ဖားကန့်မြို့ တို့မှ ကလေးသူငယ်များအပါအဝင် အရပ်သား ၃၀ ခန့် သေဆုံးကာ ၁၁ ဦးခန့် ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၃ ရက်၊ နံနက် ၁၀ နာရီခွဲဝန်းကျင်၌ စစ်ကောင်စီတပ်၏ တံတားဦးလေတပ်မှ တက်လာသည့် ဂျက်ဖိုက်တာဖြင့် ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စုရှိ ဆန်ခါနှင့် မဇွပ်ယန်ကျေးရွာကို တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ ဗုံးကြဲမှုကြောင့် အရပ်သား ၁၀ ဦးခန့် သေဆုံးကြောင်း ဖားကန့်ဒေသခံတစ်ဦးက MPA သို့ ပြောသည်။
“ ကျောက်စိမ်းလုပ်ကွက်ထဲက အလုပ်သမားတွေလည်း သေတဲ့သူကသေ၊ ဒဏ်ရာလည်း ရကြတယ်။ မနောင်ကွင်းလိုမျိုး လူစုလူဝေးများတဲ့နေရာတွေကိုချည်း ပစ်သွားတာ။ တိုက်ပွဲကလည်း ငြိမ်နေတာ ကြာပြီ” ဟု ဖားကန့်ဒေသခံတစ်ဦးက MPA သို့ ပြောသည်။
ထို့ပြင် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ရှစ်ရက် တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ဖားကန့်မြို့နယ်၊ KIA တပ်မဟာ ၉ ၊ တပ်ရင်း ၆ နယ်မြေရှိ ကံစီးကျေးရွာကိုလည်း ဗုံးကြဲတိုက်ခိုက်ခဲ့၍ အရပ်သား အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကာ၊ ဇန်နဝါရီ ၁၂ ရက်တွင်လည်း လေကြောင်းဖြင့် ဗုံးကြဲခဲ့ကြောင်း သိရသည်။
ယင်းအပြင် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၃ ရက်၊ နံနက် နှစ်နာရီခွဲခန့်တွင်လည်း စစ်ကောင်စီက ဖားကန့်မြို့နယ်အတွင်း၌ ဗုံးသုံးလုံး ကြဲချမှုကြောင့် နေအိမ်အချို့ထိခိုက်ပျက်စီးမှုများရှိကြောင်း The Kachin Net သတင်းဌာန၌ ဖော်ပြထားသည်။
“ ရင်း ၆ ကိုလည်းကြဲတယ်။ တပ်မဟာ ၉ လည်း ကြဲတယ်။ အရပ်သားနေရာတွေ ကြဲတာတော့ သုံးလေးနေရာပဲ” ဟု KPDF တပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်တွင်လည်း စစ်ကောင်စီတပ်၏ တံတားဦးလေတပ်မှ တက်လာသည့် ဂျက်ဖိုက်တာဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် တနိုင်းမြို့နယ်ရှိ လပူခရွှေမှော်နှင့် စန်လွန်ရွှေမှော်နှစ်ခုကို ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အရပ်သား ၁၅ ဦးထက်မနည်း သေဆုံးခဲ့ကာ ၁၀ ဦးဒဏ်ရာရရှိခဲ့ပြီး၊ စျေးဆိုင် ကိုးဆိုင်လည်း ပျက်စီးခဲ့ကြောင်း သိရသည်။
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၁ ရက်မှစ၍ ကချင်ပြည်နယ်တစ်ခုလုံးအတိုင်းအတာဖြင့် ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ အကန့်အသက်ဖြင့်သာရရှိနေ၍ MPA အနေဖြင့် မြေပြင်အခြေအနေအသေးစိတ်ကို သိရှိနိုင်ရန် ခက်ခဲလျက်ရှိနေသည်။
စစ်ကောင်စီက ၄င်းတို့၏ ဗျူဟာအရအရေးပါသည့် တပ်ရင်းများ၊ စခန်းကုန်းများ သိမ်းပိုက်ခံရပါက တိုက်ပွဲဖြစ်ပွားခြင်းမရှိသည် နယ်မြေများသို့ အကြောင်းမဲ့လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိနေသည်။
“ စစ်တပ်က သူတို့စစ်ရှုံးလေ၊ မဆိုင်တဲ့ ပြည်သူတွေနေရာကို ဗုံးကြဲတာမျိုးတွေ လုပ်တယ်။ အရင်ကတည်းကပါ။ ဒါကြောင့် ပြည်သူတွေအနေနဲ့က လိုအပ်တာတွေ ပြင်ဆင်ထားပြီး နေ့တိုင်း သတိနဲ့ နေဖို့လိုအပ်ပါတယ်” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၉ ရက်ကလည်း KIO ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့အနီးရှိ မုန်လိုင်ခက်စစ်ရှောင်စခန်းကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းကြောင့် နှစ်နှစ်အရွယ်ကလေးငယ်တစ်ဦးအပါအဝင် အရပ်သားပြည်သူ ၂၉ ဦး သေဆုံးခဲ့ပြီး၊ ၆၀ ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။