By Nway / MPA
၇၃ နှစ်မြောက် ကယားပြည်နယ်နေ့ ပွဲတက်ရန် ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့သို့ ရောက်ရှိနေသည့် စစ်ကောင်စီ၏ ဒုကာကွယ်ရေးဦးစီးချုပ်စိုးဝင်းနှင့်အဖွဲ့ကို တော်လှန်ရေးတပ်ဖွဲ့က ရှော့တိုက်ဒုံးဖြင့် သွားရောက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၁၄ရက်၊ ည ခုနှစ်နာရီခန့်က ဒုချုပ်စိုးဝင်းနှင့် အဖွဲ့သည် ကယားပြည်နယ်ခန်းမတွင် ရောက်ရှိနေစဉ် ၁၀၇ မမ ရှော့တိုက်ဒုံး ငါးလုံး၊ တစ်ချိန်တည်းတွင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် – ဒကစ ( လွိုင်ကော် ) ကို ရှော့တိုက်ဒုံး နှစ်လုံးဖြင့် ပစ်ခတ်ခဲ့ရာ စုစုပေါင်း ရှော့တိုက်ဒုံး ခုနှစ်လုံးအနက် ခြောက်လုံးကို အောင်မြင်စွာ ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့က ယနေ့ ( ဇန်နဝါရီ ၁၅ရက် ) နံနက်ပိုင်း၌ သတင်းထုတ်ပြန်သည်။
“ ပစ်မှတ်တွေကိုထိမှန်ခဲ့ပါတယ်။ ပြည်နယ်ခန်းမကို ငါးလုံးပစ်တာ လေးလုံးထိပါတယ်။ စိုးဝင်းရှိနေချိန်ထိတာပါ၊ တိုက်ခိုက်မှုပြီးပြီးချင်း လက်နက်ကြီးနဲ့ ၁၀ချက်ကျော်ပြန်ပစ်ပါတယ်။ ဒရုန်းတွေနဲ့ လိုက်ရှာတာတွေ ရှိတယ်” ဟု BWM အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက MPA ကို ပြောသည်။
ထိခိုက်ပျက်စီးမှုအခြေအနေများကို ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး တိုက်ပွဲဝင် ရဲဘော်များ ဘေးကင်းလုံခြုံစွာ ပြန်လည်ရောက်ရှိခဲ့ပြီဖြစ်ကြောင်း ၎င်းကပြောသည်။
ယင်းတိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) အဖွဲ့၏ ဦးဆောင်စီမံမှုဖြင့် Mountain Knight Civilian Defense Forces (MKCDF) အဖွဲ့ နှင့် (Anti-Coup People’s Liberation Force – ACPLF) အဖွဲ့တို့ ပူးပေါင်းဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။