By Ko Paing / MPA
တောင်ပိုင်းစစ်ဒေသနယ်မြေတွင် ၂၀၂၄ခု၊ဒီဇင်ဘာလအတွင်း စစ်သား ၁၅၁ဦး သေဆုံးခဲ့ကြောင်း သိရသည်။
NUG၊ ကာကွယ်ရေးဝန်ကြီးဌာန၊တောင်ပိုင်းစစ်ဒေသနယ်မြေတွင် ၂၀၂၄ဒီဇင်ဘာအတွင်း စစ်ကောင်စီ တပ်၏ အထိုင်စခန်းလေးခုကို တော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်တပ်နှင့် အပြန်အလှန်ထိတွေ့တိုက်ပွဲ ၆၂ကြိမ်၊စစ်တပ်စခန်းများနှင့်စစ်ကြောင်းများကို ဒရုန်းနှင့် လက်နက်ကြီးတို့ဖြင့် ၈၂ကြိမ်နှင့်အထက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသက ဇန်နဝါရီ၁၄ရက်ည၌ သတင်းထုတ်ပြန်သည်။
“တောင်ပိုင်းစစ်ဒေသက ဒီနေ့ထိ တရွေ့ရွေ့ ရွေ့နေတဲ့သဘောပေါ့နော်။စခန်းလေးခု သိမ်းနိုင်တယ် ဆိုတာ မဟာဗျူဟာမြောက်စခန်းတွေတော့ မဟုတ်ဘူး။တောင်ပိုင်းမှာရှိနေတဲ့ ရဲဘော်တစ်ယောက် အနေနဲ့ ပြောရရင် တောင်ပိုင်းမှာ မဟာဗျူဟာမြောက်ခြေလှမ်းတွေ လှမ်းနိုင်ဖို့ တော်လှန်ရေးအဖွဲ့ တွေ ပေါင်းပြီး ပြန်သုံးသပ်ကြဖို့ လိုနေပြီ” ဟု တောင်ပိုင်းစစ်ဒေသအခြေစိုက် တော်လှန်ရေးရဲဘော် တစ်ဦးက MPAသို့ပြောသည်။
စခန်းသိမ်းတိုက်ပွဲအနေဖြင့် ရေးမြို့မြောက်ပိုင်း အမှတ်ရှစ်ပြည်ထောင်စုလမ်းမပေါ်ရှိ လမိုင်းမှ ကမော့ကနင် လမ်းပိုင်း ကွမ်ကျိုက်ကျေးရွာ၌ တပ်စွဲထားသော စစ်တပ်စခန်း၊ တနင်္သာရီတိုင်း ရေဖြူမြို့နယ် ကံပေါက်ဒေသရှိ ရေကန်တောင် မိုက်ခရိုဝေ့ တာဝါတိုင်တပ်စခန်း၊ ဖာပွန်မြို့နယ် ဆင်စွယ်စခန်းနှင့် တောင်သုံးလုံးစခန်းတို့အား တော်လှန်ရေးပူးပေါင်းအဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စခန်းသိမ်းစဉ်နှင့် အခြားတိုက်ပွဲများမှ ၁၂၀မမ ၊ ၈၁မမ ၊ ၆၀ မမ စိန်ပြောင်းများ အပါအဝင် အခြားလက်နက်ငယ်အချို့ နှင့်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာလအတွင်း စစ်သား ၈၉ဦးဒဏ်ရာရခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့ထံသို့ အလင်းဝင်သူငါးဦးရှိကြောင်း သိရသည်။
စစ်သားများ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ဒီဇင်ဘာအတွင်း ပြည်သူ ၂၄ဦး အသက်ဆုံးရှုံးခဲ့ ရပြီး ဒဏ်ရာရသူ ၄၈ဦးနှင့် မတရားဖမ်းဆီးခံရသူ ၃၄၉ ဦးရှိကာ စစ်ကောင်စီတပ်နှင့်၎င်းတို့ လက်ဝေခံတို့၏ အကြမ်းဖက်လုပ်ဆောင်မှုများမှာ လျော့နည်းသွားခြင်းမရှိဘဲ ယခင်လများထက်ပင် များပြားလျက်ရှိကြောင်း တောင်ပိုင်းစစ်ဒေသ ကဆိုသည်။


