By Nway / MPA
မဟာမိတ်အင်အားစုများထဲက ဦးဆောင်နိုင်မှု ထက်မြက်သည့် ပုဂ္ဂိုလ်များကို အစိုးရအဖွဲ့တွင် အားသစ်လောင်းဖြည့်ဆည်းရန် NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်သည်။
ယင်းသို့ ဖြည့်ဆည်းခြင်းအားဖြင့် တည်ဆဲအခြေအနေထက် ပိုမိုကျယ်ပြန့်သည့် တော်လှန်ရေးလုပ်ငန်းစဉ်များကို ဆက်လက် အကောင်အထည်ဖော်နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ယာယီသမ္မတက ဇန်နဝါရီ ၁၄ရက်တွင်ကျင်းပသည့် NUG အစိုးရအဖွဲ့အစည်းအဝေးတွင် ပြောကြားခဲ့သည်။
“ တိုင်းရင်းသားမဟာမိတ် အဖွဲ့တွေနဲ့ မဟာမိတ်ဆက်ဆံရေးကို ခိုင်မာအောင် တည်ဆောက်တဲ့နေရာမှာ လက်တွေ့ကျတဲ့ တပ်ပေါင်းစု ဖြစ်ဖို့ လိုတယ်လို့ ထင်ပါတယ်” ဟုလည်း ယာယီသမ္မတက ပြောသည်။
ပသုံးလုံးယန္တရားဖြစ်သည့် ပြည်သူ့ကာကွယ်ရေး၊ ပြည်သူ့အုပ်ချုပ်ရေးနှင့် ပြည်သူ့လုံခြုံရေးအဖွဲ့တို့ တော်တည့်ဖြောင့်မှတ်ရေးသည် အင်မတန် အရေးကြီးကြောင်း၊ ပသုံးလုံး ပြုပြင်ပြောင်းလဲရေးကို အကောင်အထည်ဖော်ရာတွင် လက်လည်း မနှေးသင့်သလို၊ အလုပ်ဖြစ်ရုံမျှ ပြုပြင်ပြောင်းလဲရေး ထက်လည်း ပိုသင့်ကြောင်း ၎င်းကပြောသည်။
“ တော်လှန်ရေးရဲ့ အုတ်မြစ်ဟာ လူထုဖြစ်ပါတယ်။ အဲသည့် လူထုဟာ ကျွန်တော်တို့ရဲ့ ပသုံးလုံး ယန္တရားနဲ့ နေ့စဉ် ထိတွေ့နေကြရတာဖြစ်ပါတယ်။ လူထုထောက်ခံမှု ရရှိရေးနဲ့ လူထုယုံကြည် မှုကို ခိုင်ခိုင်မာမာ ရရှိရေးအတွက် လူထုနဲ့ တိုက်ရိုက်ထိတွေ့နေတဲ့ ပသုံးလုံးအဖွဲ့တွေရဲ့ စွမ်းရည်နဲ့ ကျင့်ဝတ်ဟာ အထူးအရေးကြီးတဲ့ကိစ္စ ဖြစ်ပါတယ်” ဟု ဒူဝါလရှီးလက ဆိုသည်။
တော်လှန်ရေးကာလအတွင်းဖြစ်သည့်အတွက် ဝန်ကြီးဌာနအချို့၏ လုပ်ငန်းတာဝန်များသည် အခြေအနေအပေါ်မူတည်၍ များစွာဆောင်ရွက်၍မရနိုင်ခြင်းများ ရှိသလို ဝန်ကြီးဌာနအချို့မှာမူ အလုပ်များ ဝန်ပိနေခြင်းများရှိကြောင်း၊ တန်ဖိုးရှိသည့် လူ့စွမ်းအားအရင်းအမြစ်များကို ထိရောက်အောင် မျှဝေသုံးစွဲနိုင်ရန် NUG အတွက် အလွန်အရေးကြီးကြောင်း ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ယင်းအစည်းအဝေး၌ ပြောကြားသည်။
အမျိုးသားညီညွတ်ရေးအစိုးရကို အားကောင်းကောင်းဖြင့် မောင်းနှင်ရေးသည် တော်လှန်ရေးကို မီးကုန်ယမ်းကုန် အားဖြည့်လုပ်ဆောင်နိုင်ရေးပင်ဖြစ်ကြောင်း၎င်းကပြောသည်။
“ အခုဆိုရင် အုပ်ချုပ်ရေးကဏ္ဍဘက်နဲ့ အခွန် ဘဏ္ဍာဆိုင်ရာကဏ္ဍ တွေဘက်မှာ အသံတွေ အတော်ထွက်ပြီး တချို့မြို့နယ်တာဝန်ရှိသူတွေ အနေနဲ့ တော်လှန်ရေးလမ်း ကြောင်းကို သွေဖယ်လာတာမျိုး တွေလည်းရှိတာမို့ တင်းတင်းကျပ်ကျပ် စီမံဆောင်ရွက်သွားကြဖို့လည်း မှာကြား ရင်း နိဂုံးချုပ် ပါတယ်” ဟု မန်းဝင်းခိုင်သန်းကပြောသည်။
ယင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးချုပ်ရုံးကတင်ပြသည့် ပြည်သူ့ရင်ခွင် ခိုလှုံရေးအစီအစဉ် အကောင်အထည်ဖော် မှုကော်မတီ နှစ်ချုပ်အစီရင်ခံစာနှင့် အကြမ်းဖက်စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်တုန့်ပြန်ရေး လုပ်ငန်းအဖွဲ့ (Anti-sham election Taskforce)၏ နှစ်ချုပ် အစီရင်ခံစာတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။