By Nway / MPA
မကွေးတိုင်း၊ မြိုင်မြို့နယ်သို့ရောက်ရှိလာသော စစ်ကောင်စီရိက္ခာပို့စစ်ကြောင်းကြောင့် ပြည်သူ တသောင်းကျော် အရေးပေါ်စစ်ရှောင်နေရကြောင်း သိရသည်။
ဇန်နဝါရီလဆန်းပိုင်းကစတင်၍ ပခုက္ကူမြို့ တပ်မ ၁၀၁ မှ မြိုင်မြို့နယ်သို့ ထွက်လာသော ရိက္ခာပို့ စစ်ကြောင်းကြောင့် မြိုင်မြို့ပတ်ဝန်းကျင်ရှိ ကျေးရွာ ၁၅ရွာမှ ပြည်သူများ ထွက်ပြေးနေရခြင်းဖြစ်ကြောင်း စစ်ရှောင်ကူညီပေးနေသူတစ်ဦးထံက သိရသည်။
“ လက်ရှိကတော့ ပြည်သူမှ ပြည်သူသို့ပေါ့။ မရှောင်ရတဲ့ ရွာတွေ၊ စစ်ကြောင်းနဲ့ ဝေးတဲ့ ရွာတွေကနေ ရိက္ခာတွေစု၊ အသီးအရွက်တွေစုပြီး စစ်ရှောင်တွေဆီ သွားပေးရတာပေါ့” ဟု ၎င်းက MPA ကို ပြောသည်။
စစ်ရှောင်ပြည်သူများသည် လေကြောင်း အန္တရာယ်ကြောင့် ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းများတွင် မနေရဲကြတော့ဘဲ တောတိုက် (တောထဲရှိ တဲအိမ်) များနှင့် အပင်များ၏အောက်၌ မိသားစုလိုက် အဆင်ပြေသလို ရှောင်နေရကြကြောင်း သိရသည်။
“ အဓိကကတော့ စားနပ်ရိက္ခာလိုအပ်ချက်ပါပဲ။ မရှိတော့ မရှိသလိုပဲ စားနေကြရတာပေါ့။ ကံကောင်းတာက ဝမ်းပျက်ဝမ်းလျှောတို့လို ကူးစက်ရောဂါတွေ မရှိလို့တော်သေးတယ်။ အခုချိန်ကတော့ ရာသီဥတု အေးတဲ့ဒဏ်တော့ ခံရတာပေါ့” ဟု ၎င်းက ဆက်လက်ပြောသည်။
စစ်ကောင်စီစစ်ကြောင်းသည် ယနေ့ (ဇန်နဝါရီ ၁၄ရက်) မွန်းလွဲပိုင်းတွင် ကန်နီပျူရွာသို့ ရောက်ရှိသွားပြီဖြစ်ပြီး စစ်ရှောင်ပြည်သူများ ထပ်မံတိုးလာနိုင်ခြေရှိကြောင်း သိရသည်။
ယင်းစစ်ကြောင်းသည် ၎င်းတို့သွားရာလမ်းတစ်လျှောက်ရှိ ကျေးရွာအချို့ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဇန်နဝါရီ ၁၃ရက်၊ မွန်းလွဲ နှစ်နာရီခန့်ကလည်း မြိုင်မြို့ မြောက်ဘက်ရှိ အင်းရောင်းကျေးရွာကို မီးရှို့ခဲ့ကြောင်း သိရသည်။
မီးရှို့ဖျက်ဆီးခံရသည့်ရွာအမည်များနှင့် အိမ်ခြေကို သိရှိနိုင်ရန် MPA အနေဖြင့် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။


