By Hlaing / MPA
မန္တလေးတိုင်း၊ မန္တလေးမြို့တွင် စစ်ကောင်စီက တစ်အိမ်လျှင် ကျပ် သိန်းကောက်ခံနေပြီး မပေးနိုင်သည့် အိမ်များက အမျိုးသမီးများကိုပါ ဖမ်းဆီးမည်ဟု ခြိမ်းခြောက်မှုများပြုလုပ်နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
၂၀၂၅ခုနှစ်၊ ဇန်နဝါရီလမှ စတင်ကာ စစ်ကောင်စီ လက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပြည်ကြီးတံခွန်၊ အမရပူရနှင့် ပုသိမ်ကြီးမြို့နယ်တို့ရှိ အိမ်ထောင်စု တစ်စုလျှင် တစ်လ ကျပ်ခြောက်သိန်း ပေးရမည်ဖြစ်ပြီး မပေးနိုင်သည့် အိမ်ထောင်စုမှ အမျိုးသမီးများပါး ဖမ်းဆီးမည်ဟု ခြိမ်းခြောက်မှုများပြုလုပ်ခဲ့ခြင်းလည်းဖြစ်သည်။
“ မန္တလေးမြို့ပေါ်က မြို့နယ်တွေ အကုန်လုံးနီးပါးပဲ။ ပြည်ကြီးတံခွန်ဘက်မှာကတော့ မိုက်နဲ့အော်တယ်။ တချို့မြို့နယ်တွေမှာတော့ စာလိုက်ကပ်တာ၊ အုပ်ချုပ်ရေးမှူးတွေက အစည်းအဝေးခေါ်တာမျိုးရှိတယ်။ တစ်လခြောက်သိန်း မပေးနိုင်ရင် မိန်းမတွေပါ ပေါ်တာဆွဲမယ်လို့ ပြောသွားတာ” ဟု ပြည်ကြီးတံခွန်မြို့နယ်တွင် နေထိုင်သည့် အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦးက MPA သို့ ပြောသည်။
ထို့ပြင် စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးများနှင့် ပျူစောထီးများက မြောက်ပြင်၊ မြို့သစ်၊ ကမ်းနားလမ်း၊ ဆင်ခြေဖုံးရပ်ကွက်များနှင့် စက်ရုံပြန်အလုပ်သမားများ ပေါများသည့် နေရာများတွင် ပေါ်တာဆွဲဖမ်းဆီးမှုများ ပြုလုပ်နေပြီး ပြန်ရွေးငွေ သိန်း ၅၀ အထိ တောင်းခံနေကြောင်း မဟာအောင်မြေမြို့နယ်တွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးက ဆိုသည်။
“ ကျမတို့ဘက်က အုပ်ကြီးတွေ မပြောလာသေးဘူး။ ဒါပေမဲ့ အဲ့ဒီလိုငွေကောက်မဲ့ အသံတော့ကြားတယ်။ ညဘက်ဆိုဧည့်စာရင်းစစ်တာတွေတော့ ရှိတယ်။ အိမ်ထောင်စုထဲမပါရင် မထည့်ထားရင် မိန်းကလေးနေနေ ယောင်္ကျားလေးနေနေ အကုန် ခေါ်သွားတာ၊ ပြန်ရွေးငွေ ၅၀၊ ၆၀ ပေးရင်တော့ ပြန်လာကြတယ်” ဟု ၄င်းက ဆိုသည်။
လက်ရှိတွင် မန္တလေးမြို့ပေါ်၌ ခိုလှုံနေကြသည့် ဗန်းမော်၊ နွားထိုးကြီး၊ မြင်းခြံ၊ မိုးကုတ်နှင့် မတ္တရာမြို့ စသည့်မြို့နယ်များမှ စစ်ရှောင်လာသော ပြည်သူများမှာလည်း အဆိုပါ တစ်လ ခြောက်သိန်းကောက်ခံမည်ဟု သတင်းများထွက်ပေါ်လာသည့်အတွက် ငွေကြေးအခက်အခဲများ ကြုံတွေ့နေရသည်။
“ ကျတော်တို့က စစ်ရှောင်တွေမို့လို့ အိမ်ငှားရလည်း ခက်ခဲတယ်။ အိမ်ငှားရပြန်တော့လည်း စစ်တပ်က ဧည့်စာရင်း ခဏတိုင်း ဝင်စစ်တယ်။ နယ်မြေခံမဟုတ်တော့ ဟိုပေး ဒီပေးလည်း ပေးထားရတယ်။ ဒီကြားထဲမှာ တစ်လ ခြောက်သိန်းပေးရမယ်လို့ ကြားတယ်။ အဆင်မပြေမှုကတော့ အများကြီးပေါ့ “ ဟု နွားထိုးကြီးမြို့မှ ပြည်ကြီးတံခွန်မြို့နယ်သို့ စစ်ရှောင်နေသည့် အမည်မဖော်လိုသူ အမျိုးသားတစ်ဦးက ဆိုသည်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ တစ်ရက်မှ ၃၀ ရက်အတွင်း မန္တလေးတိုင်းအတွင်းရှိ အောင်မြေသာဇံမြို့နယ်မှ ၆၄ ဦး၊ ချမ်းအေးသာဇံမြို့နယ်မှ ၂၅ ဦး၊ မဟာအောင်မြေမြို့နယ်မှ ၃၈ ဦး၊ ချမ်းမြသာစည်မြို့နယ်မှ ၅၂ ဦး၊ ပြည်ကြီးတံခွန်မြို့နယ်မှ ၈၂ ဦး၊ အမရပူရမြို့နယ်မှ ၅၃ ဦးနှင့် ပုသိမ်ကြီးမြို့နယ်မှ ၇၇ ဦး၊ စုစုပေါင်း ၃၉၁ ဦး ပေါ်တာဆွဲ၍ စစ်သားသစ်စုဆောင်းခံရကြောင်း မန္တလေးသပိတ်အင်အားစုက ဇန်နဝါရီ သုံးရက်တွင် ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံအနှံ့အပြား၌ စစ်မျက်နှာဖွင့်ထားရသည့် စစ်ကောင်စီတပ်သည် စခန်းကြီး၊ စခန်းငယ်များကို ဆုံးရှုံးရသည့်အပြင် စစ်သားများ သေဆုံးခြင်းနှင့် ထွက်ပြေးသူများ များပြားလာခြင်းကြောင့် လူအင်အားပြန်လည်ဖြည့်တင်းနိုင်ရန် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြဌာန်းခဲ့သည်။
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း၌ စစ်ကောင်စီတပ်၏ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းက အမှတ်စဥ် တစ်ခုလျှင် သင်တန်းသားဦးရေ ၅၀၀၀ နှုန်း ခေါ်ဆောင်သွားမည်ဟု ပြောဆိုထားသော်လည်း မြေပြင်၌မူ ယခုထက် ပိုမို များပြားနိုင်ကြောင်း တော်လှန်ရေးအဖွဲ့အစည်းများက ဆိုသည်။
စစ်ကောင်စီတပ်က ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလတွင်လည်း စစ်မှုထမ်းသင်တန်း အပတ်စဥ် ရှစ် ခေါ်ယူထားကာ၊ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတွင် စစ်မှုထမ်းသင်တန်း အပတ်စဥ် ၉ အတွက် လူသစ်များ စုဆောင်းလျက်ရှိနေသည်။