By Ko Paing / MPA
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်အတွင်း သောက်စားမူးယစ်ရန်ဖြစ်ကာ စစ်သားချင်း ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ နှစ်ဦး သေဆုံးကြောင်း သိရသည်။
ဇန်နဝါရီခြောက်ရက် ည ၁၂ နာရီခန့်တွင် ခရမ်းမြို့နယ်၊ မက္ကသံရွာ၌ စစ်သား ခုနှစ်ဦး အရက်သောက် နေစဉ် စကားများရန်ဖြစ်ပြီး သေနတ်နှင့် ပစ်ခတ်ခဲ့ရာ စစ်သားနှစ်ဦး ပွဲချင်းပြီးသေဆုံးကာ စစ်သား သုံး ဦး ဝန်း ကျင် ထွက်ပြေးသွားသည်ဟု သိရကြောင်း ဒေသတွင်းနွေဦးတော်လှန်ရေးစာမျက်နှာ ခရမ်းချန်နယ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ဒီနေ့(ဇန်နဝါရီကိုးရက်)အထိ မမိသေးပါဘူးခင်ဗျ။ထွက်ပြေးသွားတဲ့စစ်သားတွေကို မမိသေးလို့ စစ် တပ်က တခြားရွာဘက်တွေကို လိုက်ပြီး ကင်းလှည့်ရှာနေပါတယ်” ဟု ၎င်းက MPAသို့ပြောသည်။
စစ်သားချင်း ရန်ဖြစ်စဉ် သေနတ်သံ အချက်၂၀ထက်မနည်း ကြားရပြီး စစ်သားသုံးဦး လက်နက် အပြည့်အစုံဖြင့် ထွက်ပြေးသွားကြောင်း ရွာခံအချို့ထံက သိရသည်ဟု ခရမ်းချန်နယ်တာဝန်ရှိသူက ဆိုသည်။
“တချို့ပြောကြတာတော့ ထွက်ပြေးသွားတာ စစ်သားနှစ်ယောက်တဲ့။သေတာကတော့ နှစ်ယောက် ဆိုတာ သေချာတယ်။ဘာလို့လဲဆိုတော့ အလောင်းကို ခရမ်းဆေးရုံ အရင်ပို့လို့ သိရတာ” ဟု ခရမ်းမြို့မဈေးအနီးနေ ပြည်သူတစ်ဦးက ပြောသည်။
သေဆုံးသွားသည့် စစ်သားနှစ်ဦး၏ အလောင်းကို ဇန်နဝါရီခုနှစ်ရက် နံနက်ပိုင်းတွင် ခရမ်းပြည်သူ့ ဆေးရုံသို့ သယ်ဆောင်လာပြီးနောက် အခြားတစ်နေရာသို့ ထပ်မံပို့ဆောင်လိုက်ကြောင်း ခရမ်းချန် နယ်တာဝန်ရှိသူက ပြောသည်။
“လူအများသိမှာစိုးလို့ ၁၅မိနစ်လောက်နေတော့ Dead Body တွေကို တခြားနေရာကို ယူဆောင်သွား ကြပါတယ်” ဟု ၎င်းကပြောသည်။
ထွက်ပြေးသွားသောစစ်သားများကို ခရမ်းမြို့အခြေစိုက်စစ်တပ်က ပိုက်စိပ်တိုက်ရှာနေပြီး ခရမ်းမြို့ ကိုးရပ်ကွက်-ရဲမွန်-ကမာကလူလမ်းပိုင်းနှင့် မက္ကသံကျေးရွာတို့ကို အဝင်အထွက်အား ပိတ်ဆို့ထားကြောင်း ခရမ်းချန်နယ်က ထုတ်ပြန်သည်။