By Hlaing / MPA
ပဲခူးတိုင်းနှင့် ကပ်လျက်တည်ရှိနေသည့် ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်အတွင်းရှိ တောင်ပုံကြီးစခန်းတိုက်ခိုက်ခံရပြီးနောက် ပြည်ခရိုင်အတွင်း၌ စစ်ကောင်စီက ခံစစ်ပြင်နေကြောင်း ဒေသခံများထံမှ စုံစမ်း သိရှိရသည်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ တစ်ရက်တွင် အာရက္ခတပ်တော် (AA) နှင့် တော်လှန်ရေးတပ်ဖွဲ့များက ပဲခူးတိုင်းအနောက်ခြမ်း၊ တောင်ကုတ် – ပန်းတောင်းလမ်း၊ ဥသျှစ်ပင်မြို့နှင့် မိုင် ၃၀ ခန့်အကွာရှိ စစ်ကောင်စီ၏ တောင်ပုံကြီးစခန်းကို စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ထိုကဲ့သို့ တောင်ပုံကြီးစခန်းတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က ပြည်ခရိုင်အတွင်းရှိ ပြည်မြို့၊ ဥသျှစ်ပင်၊ ရွှေတောင်နှင့် ပန်းတောင်းမြို့နယ်တို့တွင် ကတုတ်ကျင်းများတူးကာ ခံစစ်ပြင်ဆင်လာခြင်း ဖြစ်သည်။
“ တောင်ပုံကြီးက တောင်ကုတ်မြို့နယ်ထဲကပါ၊ ရွှေတောင်ဘက် မြို့အထွက်က တပ်တွေမှာ ကတုတ်ကျင်းတူးပြီး ပြင်ဆင်နေတာလည်းရှိတယ်။ ဥသျှစ်ပင်ကတော့ ပိုနီးတော့ ကြောက်လန့်နေကြတယ်။ မင်းကြီးတောင်ပေါ်မှာ လက်နက်တပ်ဆင်တာတွေ ရှိတယ်။ ပြည်မြို့ပေါ်စစ်ရေးအခြေအနေက အဝင်အထွက်ဂိတ်တွေမှာ စစ်ဆေးတာတွေ ပိုများလာတယ်” ဟု Pyay Underground News (PUGN) မှ တာဝန်ရှိသူတစ်ဦးက MPA သို့ ပြောသည်။
ပြည်ခရိုင်တွင် ပြည် ဒကစ(ဒေသကွပ်ကဲရေးစစ်ဌာနချုပ်)အပါအဝင် လက်ပစ်ဗုံး၊ ရေမြုပ်ဗုံးထုတ်သည့် စက်ရုံများ၊ ခြေမြန်တပ်ရင်းများအပြင် ဥသျှစ်ပင်မြို့တွင် ယမ်းချက်စက်ရုံ (က.ပ.စ – ၁၆)၊ ကမြိုင် ယမ်းချက်စက်ရုံ (က.ပ.စ – ၅)၊ ပန်းတောင်းမြို့၊ ဆင်တဲကျေးရွာ၌ ကာကွယ်ရေးပစ္စည်းစက်ရုံ (က.ပ.စ – ၃)၊ ဒေါင်းတိုက်နှင့် ပဲကြီးကျေးရွာအနီး၌ (က.ပ.စ – ၅)၊ ညောင်ခြေထောက်ကျေးရွာ၌ သံရည်ကျိုစက်ရုံ (က.ပ.စ – ၆)၊ ပြည်မြို့အခြေစိုက် (က.ပ.စ – ၇)၊ ကျောက်ဖူးကျေးရွာတွင် ကျည်ဆံထုတ်လုပ်သည့်စက်ရုံ (က.ပ.စ – ၉)နှင့် ပေါက်ခေါင်းမြို့အနီးရှိ (က.ပ.စ – ၁၉) တို့ တည်ရှိသည်။
ထို့ပြင် ပြည်မြို့နှင့် ပေါင်းတလည်မြို့အကွာအဝေးမှာ ၁၀ မိုင်နှင့် ပြည်မြို့နှင့် ဥသျှစ်ပင်မြို့မှာ ၂၁ မိုင်ကွာဝေးကာ တောင်ကုတ်မြို့နှင့် ၁၁၄ မိုင်ခန့် ကွာဝေးသည်။
“ ပန်းတောင်းမြို့ပေါ်မှာကတော့ အခြေအနေအေးပါသေးတယ်။ တောင်ပုံကြီး၊ ဥသျှစ်ပင်၊ ရွှေတောင်ကျော်မှ ပြည်ကိုရောက်တာပါ” ဟု ပန်းတောင်းမြို့ဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။
ယင်းအပြင် စစ်ကောင်စီက ပြည်မြို့ပေါ်၌လည်း ရခိုင်ပြည်နယ်မှ စစ်ရှောင်လာသည့် ပြည်သူများ နေထိုင်ရာ နေအိမ်များကိုလည်း ဧည့်စာရင်းစစ်ဆေးမှုများ မကြာခဏပြုလုပ်လျက်ရှိကြောင်း သိရသည်။
“ ဒီလထဲမှာ အရမ်းစစ်ဆေးလာတာ၊ မြို့ထဲမှာ ရခိုင်အိမ်တွေရှိတယ်၊ အဲ့ဒီအိမ်တွေကိုလည်း ဧည့်စာရင်းခဏခဏဝင်စစ်တာတွေလုပ်လာတယ်။ စစ်ဘေးရှောင်တွေဆိုပိုပြီး စစ်မေးတယ်။ ဖမ်းတယ်လို့တော့ မကြားဘူး” ဟု ပြည်မြို့တွင်နေထိုင်သည့် အသက် ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦးက ဆိုသည်။
ယင်းအပြင် စစ်ကောင်စီက ပြည်၊ သဲကုန်း၊ အောင်လံ၊ ထုံးဘို၊ ရွှေတောင်၊ နတ်တလင်း၊ ဥသျှစ်ပင်၊ ပေါင်းတလည်၊ ပေါက်ခေါင်းနှင့် ပန်းတောင်းမြို့နယ်တို့တွင် ဒေသခံများကို ပေါ်တာဆွဲခြင်း၊ ရှောင်တခင်စစ်ဆေးခြင်းများအပြင် အတင်းအဓမ္မ ငွေတောင်းယူမှုများ ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဩဂုတ် လဆန်းပိုင်းမှစတင်ကာ ရခိုင်ပြည်နယ်နှင့် ထိစပ်နေသည့် ပဲခူးတိုင်းအနောက်ခြမ်းတွင် တိုက်ပွဲများ ဖြစ်ပွားနေသည့်အတွက် ပြည်မြို့ပေါ်သို့လည်း တိုက်ပွဲများ ကူးစက်လာမည်ကို ဒေသခံများက စိုးရိမ်လျက်ရှိနေသည်။
“ အခု AA ရဲ့ ထိုးစစ်က သူနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ဧရာဝတီဘက်ကိုလည်း စနေပြီ၊ တိုက်ပွဲတွေ မလာနိုင်ဘူးလို့ မျှော်မှန်းထားတဲ့ ဧရာဝတီမှာတောင် စစ်ရိပ်သမ်းနေပြီမို့လို့ ပဲခူးအနောက်ခြမ်းသာမက တခြားဒေသတွေက ပြည်သူတွေအနေနဲ့လည်း လိုအပ်တာတွေ ပြင်ဆင်ထားသင့်ပြီ” ဟု ဧရာဝတီတိုင်းမှ ဒေသခံတော်လှန်ရေးတပ်ဖွဲ့ဝင် ရဲမေတစ်ဦးက ဆိုသည်။
စစ်ကောင်စီ အာဏာသိမ်းခဲ့သည့် လေးနှစ်နီးပါးကာလအတွင်း ကရင်ပြည်နယ်၊ KNU တပ်မဟာ ၃ နယ်မြေနှင့် နီးကပ်လျက်ရှိသည့် ပဲခူးတိုင်း အရှေ့ခြမ်းတွင်သာမက၊ ပဲခူးတိုင်း အနောက်ခြမ်းတွင်လည်း တော်လှန်ရေးတပ်ဖွဲ့များ၏ ထိုးစစ်ဆင် တိုက်ခိုက်မှုကို ခံရလျက်ရှိသည်။
ထိုကဲ့သို့ ထိုးစစ်ဆင် တိုက်ခိုက်ခံရသည့် စစ်ကောင်စီသည် တိုက်ပွဲနှင့် သက်ဆိုင်ခြင်းမရှိသည့် ရပ်ကွက်၊ ကျေးရွာများသို့ လက်နက်ကြီး နှင့် လေကြောင်းပစ်ကူများ အသုံးပြုတိုက်ခိုက်ခြင်းများကြောင့် ဒေသခံများ သေဆုံးခဲ့မှုများလည်း ရှိသည်။