By Ko Paing / MPA
စစ်ကိုင်းတိုင်း၊ ငဖဲမြို့နယ်၊မျှော်စင်ရွာအနီးတွင် လှည့်ကင်းထွက်လာသော စစ်သားများ အနီးကပ် ခြုံခိုတိုက်ခိုက်ခံရပြီး သုံးဦးသေဆုံးကြောင်းသိရသည်။
ဇန်နဝါရီသုံးရက်၊ ညနေငါးနာရီဝန်းကျင်တွင် ငဖဲမြို့နယ်၊မျှော်စင်ရွာအနောက်ဘက် မီတာ ၂၀၀ ခန့်အကွာ၌ လေကြောင်းရန်ကာကွယ်ရေးရေဒါစခန်းမှ လှည့်ကင်းထွက်လာသည့် စစ်သား ခြောက်ဦးကို ခြုံခိုတိုက်ခိုက်ရာ ၁၀ မိနစ်ခန့်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားပြီး စစ်သားတစ်ဦးလည်း ဒဏ်ရာရရှိကြောင်း PRA-Mgway က ယနေ့ (ဇန်နဝါရီလေးရက်) သတင်းထုတ်ပြန်သည်။
“သူတို့ ဆိုင်ကယ် တစ်စီးနဲ့ တစ်စီးကို မီတာ ၁၀၀ လောက်ခြားပြီးမှ ကင်းပတ်လာတာမှာ အရှေ့ဆုံး က ဆိုင်ကယ်တွေနဲ့ စပြီးတိုက်ပွဲဖြစ်တာပါ။ကြာချိန်ကတော့ ၁၀ မိနစ်ဝန်းကျင်လောက်ပဲရှိပါတယ်။ တိုက်ပွဲဖြစ်နေချိန်တော့ စစ်ကူမလာပါဘူး။ကျတော်တို့ လက်နက်ကောက်ပြီးတော့ ပြန်ဆုတ်လာ တော့ နောက်ဆက်တွဲအခြေအနေတော့ မသိရသေးပါဘူး” ဟု PRA-Mgway စစ်ဦးစီးချုပ် နောင်သူရိန် က MPAသို့ပြောသည်။
ယင်းတိုက်ခိုက်မှုအပြီးတွင် စစ်သားများကိုင်ဆောင်သည့် MA-3 သေနတ်တစ်လက် သိမ်းဆည်းရမိခဲ့ ကြောင်းသိရသည်။
“တိုက်ပွဲဖြစ်ပြီးတော့ ကျန်တဲ့စစ်သားတွေက ပြန်ဆုတ်သွားတာ။အောက်ဘက်ကို ဆုတ်သွားတာတော့မဟုတ်ဘူး။ ရေဒါစခန်းဘက်ကိုပဲ ပြန်ဆုတ်သွားတယ်လို့တော့ ပြောလို့ရတယ်” ဟု ၎င်းကဆက်လက်ပြောသည်။
တိုက်ပွဲဖြစ်ပွားရာ နေရာအနီးဝန်းကျင်တွင် စစ်ကောင်စီကင်းပုန်းများနှင့်ကာကင်းများရှိသော်လည်း စစ်ကူလာရောက်ခြင်းမရှိပေ။
ယင်းတိုက်ခိုက်မှုအပြီးတွင် PRA-Mgway ရဲဘော်များ ထိခိုက်မှုမရှိဘဲ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။
စစ်သားများ သေဆုံးမှုကို MPAအနေနှင့် သီးခြားအတည်မပြုနိုင်ပေ။