By Nway / MPA
၂၀၂၄ခု၊ ဇန်နဝါရီမှ ဒီဇင်ဘာ ၂၉ရက်အတွင်း ဗိုလ်ချုပ်၊ ဗိုလ်မှူးချုပ်နှင့် ဗိုလ်မှူးကြီးအဆင့်ရှိသူ အနည်းဆုံး ၅၃ဦး သေဆုံး၊ ဒဏ်ရာရနှင့်သုံ့ပန်းအဖြစ် ဖမ်းဆီးခံခဲ့ရကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ ( ဇန်နဝါရီ ၄ ရက် ) ထုတ်ပြန်သော ၂၀၂၄ ခုနှစ် စစ်ရေးဖြစ်ပေါ်တိုးတက်မှုအခြေအနေ အစီရင်ခံစာ၌ ဖော်ပြထားသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( ပကဖ )၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များနှင့် ဒေသကာကွယ်ရေးတပ်အသီးသီး၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်၏ စစ်အရာရှိ ၃၁၅ဦးသေဆုံးခဲ့ကာ ၁၂၇ဦး ဒဏ်ရာရရှိခဲ့ကြောင်း အစီအရင်ခံစာ၌ ပါရှိသည်။
ထို့ပြင် စစ်သား၊ ရဲနှင့် နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၁၄၀၉၃ ဦးသေဆုံးခဲ့ပြီး ၇၃၆၃ဦး ဒဏ်ရာရရှိခဲ့ကာ စစ်ကောင်စီ၏ တပ်မအင်အား ၁၀ခုကျော်ပမာဏနှင့် ညီမျှသည့် အင်အားပြုန်းတီးမှုဖြစ်ခဲ့ကြောင်း MOD က ဆိုသည်။
တစ်နိုင်ငံလုံးရှိ စစ်ကောင်စီတပ်စခန်းပေါင်း ၇၄၁ခုကို သိမ်းယူထားနိုင်ပြီး ယင်းစခန်းများအနက် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်းနှင့် တနင်္သာရီတိုင်းတို့ရှိ စခန်းပေါင်း ၁၆၂ခုကို PDF ၊ ပကဖ နှင့် ဒေသကာကွယ်ရေးတပ်များက သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။
ပကဖ နှင့် PDF တို့သည် ခါမ်းပတ်မြို့၊ ရွှေပြည်အေးမြို့၊ မော်လူးမြို့၊ မြို့သစ်မြို့၊ စဉ့်ကူးမြို့၊ တကောင်းမြို့၊ သပိတ်ကျင်းမြို့နှင့် ပင်လည်ဘူးမြို့တို့ကို သိမ်းပိုက်ထားသည်။
ထို့ပြင် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်းနှင့် တနင်္သာရီတိုင်းတို့ရှိ အနည်းဆုံး မြို့ ၆၇မြို့ကို PDF ၊ ပကဖ နှင့် တော်လှန်ရေးအဖွဲ့များက ဝန်းရံပိတ်ဆို့တိုက်ခိုက်နေကြောင်း သိရသည်။
NUG ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ PDFတပ်ရင်း၊ တပ်ဖွဲ့များနှင့် ပကဖများသည် မဟာမိတ်တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များ ( EROs ) ၏ နယ်မြေများ လွတ်မြောက်ရေးအတွက်လည်း ပြည်နယ် ခုနှစ်ခုစလုံးတွင် ပူးပေါင်းတိုက်ပွဲဝင်လျက်ရှိကြောင်း လည်းထုတ်ပြန်ထားသည်။