By Ra Wai / MPA
၂၀၂၅ခုနှစ်တွင် မြန်မာလူဦးရေ ၁၉ဒဿမ၉ သန်းခန့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီလိုအပ်မည်ဟု ကုလသမဂ္ဂလူသားချင်းစာနာမှု ဆိုင်ရာညှိနှိုင်းရေးရုံး UNOCHA Myanmar က ခန့်မှန်းကြောင်း သိရသည်။
၂၀၂၅ ခုနှစ်တွင် လူဦးရေ ငါးသန်းခွဲကို လူမှုဘ၀ရှင်သန်ရေး အကူအညီများ ပေးအပ်နိုင်ရန် ရည်မှန်းထားပြီး ကန်ဒေါ်လာ ၁ ဒသမ ၁ ဘီလျံလိုအပ်မည်ဖြစ်ကြောင်း သိရသည်။
“ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်အရ နေရပ်စွန့်ခွာဦးရေ သိရတာလည်း ကောင်း ပါတယ်။ဒါပေမဲ့၊ မြန်မာမှာ အခြေစိုက်တဲ့ ကုလအဖွဲ့တွေက စာနာမှုအကူအညီတွေ ပေးနေတယ်ဆို တာကတော့ ဘယ်ကို ပေးနေသလဲမသိဘူး။ကျတော်တို့ စစ်ကိုင်းနဲ့ မကွေးက စစ်ရှောင်တွေဆီ ဆန် တစ်စေ့မရောက်ဘူး။စစ်ရှောင်တွေကို ကူနေတဲ့ အဖွဲ့တွေကိုလည်း ဘာမှ မပေးဘူး” ဟု မုံရွာအခြေ စိုက် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးက MPA သို့ ပြောသည်။
လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းများသည် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအထိ လူဦးရေ သုံး သန်းခန့်ကို အကူအညီပေးအပ်ခဲ့ကြောင်း UNOCHA Myanmar က ထုတ်ပြန်သည်။
၂၀၂၄ နှစ်အကုန်တွင် ပြည်တွင်းနေရပ်စွန့်ခွာဦးရေ သုံးသန်းခွဲကျော်သွားပြီဖြစ်ကြောင်း ရခိုင်ပြည်နယ်၊ မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်း၊ အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းတို့တွင် တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်တပ်ကြား ပဋိပက္ခများ ဆက်လက် ဖြစ်ပွားခဲ့ရာ အကျိုးဆက်အဖြစ် ပြည်တွင်းနေရပ်စွန့်ခွာဦးရေ မြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။
၂၀၂၄ ခုနှစ်သည် မြန်မာနိုင်ငံရှိ ပြည်သူလူထုအတွက် မဆုံးနိုင်သောပဋိပက္ခများ၊ ထပ်တလဲလဲ ဖြစ်ပွားခဲ့သည့် မုတ်သုံရာသီရေဘေး၊ စံချိန်တင်များပြားသည့် နေရပ်စွန့်ခွာ ရွှေ့ပြောင်းရမှုနှင့် ရန်ပုံငွေနည်းပါးခဲ့သည့် တုံ့ပြန်ကူညီရေးအစီအစဉ်တို့ကြောင့် နက်ရှိုင်းလှသော လူသားချင်း စာနာမှုဆိုင်ရာ အကျပ်အတည်းများဖြင့် ရုန်းကန်ခဲ့ရသည့် နှစ်တစ်နှစ်ဖြစ်ကြောင်းလည်း UNOCHA Myanmar က ဆိုသည်။