By Ko Paing / MPA
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ညောင်ကိုင်းကျေးရွာအနီးတွင် စစ်ကောင်စီကားနှစ်စီးကို မိုင်းဆွဲပြီးနောက် လက်နက်ငယ်များဖြင့်ပစ်ခတ်ခဲ့ရာ စစ်သားတစ်ဦးသေဆုံးပြီး ခြောက်ဦးဒဏ်ရာရရှိကြောင်း သိရသည်။
ဇန်နဝါရီသုံးရက်၊နံနက် ခုနှစ်နာရီခွဲဝန်းကျင်တွင် ငဖဲမြို့နယ်အခြေစိုက် အမှတ်၁၄(ကပစ) မှ စစ်သား အင်အား ၅၀ ပါ စစ်ကောင်စီယာဥ် နှစ်စီးကို ပဒါန်း-ငဖဲ-စေတုတ္တရာကားလမ်းပိုင်း၌ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး အပြန်အလှန်ပစ်ခတ်မှု မိနစ် ၂၀ ခန့်ဖြစ်ပွားခဲ့ကြောင်း မင်းဘူးခရိုင်အမှတ်ရှစ် တပ်ရင်း (WOLF)က သတင်းထုတ်ပြန်သည်။
“ကျတော်တို့က ရှေ့ဆုံးက ကားကိုမိုင်းဆွဲလိုက်တော့ ထိုးရပ်သွားတယ်။အဲ့ဒီမှာပဲ အပြန်အလှန်ပစ် ခတ်မှုက မိနစ် ၂၀ လောက်ဖြစ်တယ်။သူတို့ကားက ပျက်သွားတော့ ရှေ့ဆက်မရတော့ဘဲ အဲ့ဒီနေရာ မှာပဲ ရှိနေတယ်။တိုက်ပွဲဖြစ်ပြီး နာရီဝက်လောက်အကြာမှာ စစ်ကူတွေ ကားတွေနဲ့လာတယ်လို့ သတင်းရလို့ ကျတော်တို့ ပြန်ဆုတ်လာခဲ့ပါတယ်” ဟု မင်းဘူးခရိုင်အမှတ်ရှစ်တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက MPAသို့ ပြောသည်။
မိုင်းဆွဲတိုက်ခိုက်မှုအပြီးတွင် စစ်ကားခြောက်စီးဖြင့် စစ်ကူလာသောကြောင့် တော်လှန်ရေးတပ်ဖွဲ့များ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာလာခဲ့ကြောင်းသိရသည်။
“ဒဏ်ရာရသူတွေကိုလည်း ငဖဲဆေးရုံနဲ့ဒဏ်ရာပြင်းထန်တဲ့သူတွေကို မကွေးဆေးရုံကို လူနာတင် ကား တွေနဲ့ပို့ ကြတယ်။စစ်ကား အပျက်ကတော့ ညနေ(ဇန်နဝါရီသုံးရက်)ထိ အဲ့မှာပဲရှိတယ်။ မိုင်းဆွဲလို့ မပျက်တဲ့ကားကလည်း ငဖဲကိုပဲ ပြန်မောင်းသွားတာ” ဟု ၎င်းကဆက်လက်ပြောသည်။
အဆိုပါတိုက်ခိုက်မှုကို မင်းဘူးခရိုင်အမှတ်ရှစ် တပ်ရင်း၊ချင်းကာကွယ်ရေးတပ်-အရှို(CDF-Asho)နှင့်ငဖဲမြို့နယ်ပကဖတို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်သည်။
စစ်သားများ ထိခိုက်သေဆုံးမှုကို MPA အနေဖြင့် သီးခြားအတည်မပြုနိုင်ပေ။