စစ်ကိုင်းတိုင်း၊ဟုမ္မလင်းမြို့နောင်ပကျစ်ရပ်ကွက်တွင် CDMပြုလုပ်ထားသူကျောင်းဆရာမတစ်ဦးဖြစ်သည့် မမေနှင်းအေးကို အောက်တိုဘာလ၂၄ရက်နေ့ညနေပိုင်းတွင်လူသုံးဦးက ၎င်း၏နေအိမ်သို့လာရောက်ပြီးသေနတ်ဖြင့်အချက်ပေါင်းများစွာပစ်ခဲ့သည့်အတွက် သေနတ်ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ရသည်။
“ မနေ့ကည၆နာရီခွဲလောက်က ခြံရှေ့ကိုအိမ်စီးကားအဖြူစိုက်ပြီး ခြံထဲမှာလူစိမ်း၃ယောက်ဝင်လာပြီး ကျနော့်အခန်းဘေးဝရံတာနားမှာထိုင်နေတဲ့မရီးကို သေနတ်နဲ့အချက်ပေါင်းများစွာပစ်ခတ်ပြီးသတ်သွားတာပါ” ဟုမမေနှင်းအေး၏ မတ်ဖြစ်သူကMPAသို့ပြောသည်။
သေဆုံးသွားခဲ့ရသည့် ဆရာမသည်အကြမ်းဖက်စစ်တပ်၏ဖမ်းဆီးခြင်းမည့်ရန်မှပုန်းရှောင်နေရသည့်ကိုကျော်ဝင်းစိန်၏မရီးဖြစ်ပြီး သေဆုံးချိန်တွင်တစ်နှစ်ကျော်အရွယ်သားတစ်ဦးကျန်ရှိခဲ့သည်။
၎င်းသေဆုံးရခြင်းနှင့်ပတ်သက်ပြီး”မနေ့ကဟုမ္မလင်းရဲ့ဒလန်အကြီးစားပျူစောထီးခေါင်းဆောင်မောင်မော့စ်ကိုနမ့်တောရွာကအဖွဲ့တစ်ခုကသတ်လိုက်တယ်လို့သိရတယ်။ အဲ့ကိစ္စနဲ့ပတ်သက်ပြီးကျနော့်ကိုသံသယရှိပြီးမဲတာဗျ” ဟုကိုကျော်ဝင်းစိန်ကမှတ်ချက်ပြုသည်။
ကိုကျော်ဝင်းစိန်ကို ၎င်း၏မိဘများမှ စက်တင်ဘာလ၁၅ရက်နေ့တွင် မိသားစုဝင်အဖြစ်မှစွန့်လွှတ်ပြီး ၎င်းနှင့်ပတ်သက်သောကိစ္စများကို တာဝန်ယူဖြေရှင်းပေးမည် မဟုတ်ကြောင်း သတင်းစာတွင်ကြေညာထားသည်။
ပျူစောထီးအဖွဲ့သည် အကြမ်းဖက်စစ်တပ်၏ ကျောထောက်နောက်ခံဖြင့်ဖွဲ့စည်းထားသောအဖွဲ့တစ်ခုဖြစ်ပြီး ကြံခိုင်ရေးအဖွဲ့ဝင်များ၊မဘသများ၊ စစ်မှုထမ်းဟောင်းများနှင့်ဖွဲ့စည်းထားခြင်းဖြစ်ရာ ၎င်းအဖွဲ့သည် ရပ်ရွာများထဲတွင်သတင်းပေးဒလန်ပြုလုပ်ခြင်း၊စစ်တပ်နှင့်ပေါင်းပြီးတိုက်ပွဲများတွင်ပါဝင်တိုက်ခိုက်ခြင်းများပြုလုပ်လျက်ရှိသည်။