By Bala / MPA
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းသို့ ယနေ့ညနေပိုင်းတွင် စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးသုံးလုံးကြဲချခဲ့ကြောင်း သိရသည်။
ယနေ့ (ဇန်နဝါရီတစ်ရက်) ညနေ ငါးနာရီခန့်မှ ၅နာရီ မိနစ်၄၀အထိ စစ်ကောင်စီတပ်၏ ဂျက်လေယာဉ်တစ်စင်း ဝဲပျံလာကာ ဗုံး သုံးကြိမ် ကြဲချခဲ့ရာ ဗုံးတစ်လုံးမှာ ဆိုဘောသဲရွာအနီးသို့ ကျရောက်ခဲ့ကာ ကျန်နှစ်လုံးမှာ ဒီးမော့ဆိုအနောက်ခြမ်းရှိ ရွာအတွင်းနှင့် ရွာအပြင်သို့ ကျရောက်ခဲ့ကြောင်း ဒီးမော့ဆိုအနောက်ခြမ်းရှိ ဗုံးကြဲခံရသည့် ရွာမှ ရွာသားတစ်ဦးကပြောသည်။
“ ကျတော်က ရွာနားကနေ ကြည့်နေတာ။ ဆိုဘောသဲရွာနားကို ပထမဆုံးကြဲတယ်။နောက်၊ကြည့်နေ ရင်းနဲ့ လေယာဉ်က ဝဲနေတာ ခေါင်းစိုက်လာတော့မှ အိမ်ထဲဝင်ပြေးရတာ၊ရွာထဲကို တစ်လုံးကျတယ်။ နောက်တစ်လုံးကကျ ရွာအပြင်ဘက်ကို ကျတယ်၊သိပ်တော့မဝေးဘူး” ဟု ၎င်းက ပြောသည်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒီးမော့ဆိုအနောက်ခြမ်းနေ ရွာတစ်ရွာရှိ ရွာသားတစ်ဦး ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှုခံယူလျက်ရှိကြောင်း ဗုံးဒဏ်သင့်လူနာနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
“ သူက ဗုံးကြဲတော့ ဝပ်နေတာ။နားကို လက်နှစ်ဖက်နဲ့ကာပြီး ဝပ်တဲ့အချိန် သူ့အိမ်သာနားကို ဗုံးသီးကျတော့ အစက သူ့ညာလက်ကနေဖောက်ထွက်ပြီး နားထင်ကို သွားထိတာပေါ့။ သွေးတွေအရမ်းထွက်နေလို့ သွေးတိတ်အောင် မလုပ်တတ်တာနဲ့ ဆေးရုံကားခေါ်လိုက်တယ်။ အခုတော့ ဆေးရုံမှာပါ” ဟု ၎င်းက ပြောသည်။
ဒဏ်ရာရ ရွာသား၏ ကျန်းမာရေးအခြေအနေမှာ မစိုးရိမ်ရကြောင်း MPAက စုံစမ်းသိရသည်။



