By Ra Wai / MPA
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် စစ်ကောင်စီယာဉ်တန်းနှင့် လုံခြုံရေးယူရန်ထွက်လာသည့် စစ်သားများ မိုင်းဆွဲခံရပြီး သုံးဦးသေဆုံးကြောင်းသိရသည်။
ဒီဇင်ဘာ ၃၁ရက်၊ နံနက် ရှစ်နာရီခွဲဝန်းကျင်တွင် စစ်ကောင်စီယာဉ်တန်းကို လုံခြုံရေးပေးရန် ချောင်းဦးမြို့ပေါ်မှ ထွက်လာသည့် စစ်သား ၃၀ဝန်းကျင်ကို တစ်ကြိမ်နှင့် နံနက် ကိုးနာရီခန့်တွင် သံပြားကာကား ခြောက်စီးကို တစ်ကြိမ် ချောင်းဦး-မြင်းမူလမ်းပိုင်းတစ်နေရာ၌ မိုင်း ၂၂လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း မုံရွာခရိုင်အမှတ် ၁၂တပ်ရင်း၊ တပ်ခွဲသုံးက သတင်းထုတ်ပြန်သည်။
“ ပြန်ဆုတ် မသွားပါဘူးဗျ။သူတို့ ကားတန်းကို လုံခြုံရေးယူရမယ့် တာဝန်နဲ့ဆိုတော့ ကားတန်း ဆက် ထွက်သွားတဲ့အထိကို လက်နက်ငယ်တွေ နဲ့ တရစပ် ပြန်ပစ်နေခဲ့တာပါ။ ကားတွေ ထိုးရပ်သွားခြင်း တော့ မရှိခဲ့ဘူးဗျ” ဟု မုံရွာခရိုင်အမှတ် ၁၂တပ်ရင်း၊ တပ်ခွဲသုံး၊ တပ်ခွဲမှူး ကိုမိုးကြိုးက MPAသို့ပြောသည်။
မိုင်းဆွဲခံရပြီးနောက် စစ်သားများသည် လက်နက်ငယ်များဖြင့် မနားတမ်းပစ်ခတ်ခဲ့ကြောင်း သိရသည်။
“ အချိန် အတော်ကြာတဲ့အထိကို တရစပ် ပစ်နေတာပါ။ ကျတော် တို့ တော်လှန်ရေး တပ်ဖွဲ့တွေ ဝင်ပစ်ဖို့တောင် အဆင်မပြေလောက်တဲ့ထိ ပစ်အား ကောင်းကောင်းနဲ့ ပစ်ခတ်ခဲ့တာပါ” ဟု ၎င်းကဆက်လက်ပြောသည်။
ယင်းတိုက်ခိုက်မှုတွင် လုံခြုံရေးယူရန်ထွက်လာသည့် စစ်သားများထဲမှ သုံးဦးသေဆုံးကြောင်း အတည်ပြုနိုင်ခဲ့သည်ဟု ၎င်းကပြောသည်။
ယင်းတိုက်ခိုက်မှုကို လျှပ်စီးတပ်ခွဲ ( မုံရွာခရိုင် အမှတ် – ၁၂ တပ်ခွဲ သုံး)၊ 11 People Defense Force ၊ မုံရွာခရိုင် အမှတ် – ၁၅ တပ်ရင်းနှင့် Nway Oo Brothers Column ( နွေဦး ညီကို စစ်ကြောင်း)တို့ ပူးပေါင်းဆင်နွှဲခဲ့ပြီး PDFရဲဘော်များအထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
စစ်သားများ သေဆုံးမှုကို MPA အနေနှင့် သီးခြားအတည်မပြနိုင်ပေ။