By Wadi / MPA
၂၀၂၄ နှစ်ကုန် ၂၀၂၅ နှစ်သစ်ကူး(ဒီဇင်ဘာ ၃၁ရက်ည) အတွက်ဟုဆိုကာ ရန်ကုန်မြို့တွင် အရက်၊ ဘီယာနှင့် အဖျော်ယမကာ ဝယ်ယူသူများပြားလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။
ရန်ကုန်မြို့ရှိ ဈေးဝယ်စင်တာများ၊ G&G၊ City Express၊ One Stop mark စသည့် Convenience Store များတွင် အရက်၊ ဘီယာများကို နှစ်သစ်ကူး ပရိုမိုးရှင်းအဖြစ် လျော့ဈေးဖြင့် ရောင်းချနေမှုများလည်း ရှိနေသည်။
ထို့ပြင် မြို့နယ် ရပ်ကွက်များအတွင်းရှိ အရက်၊ ဘီယာရောင်းချသော Liquor Store များတွင်လည်း နှစ်သစ်ကူးညအတွက် အရက်၊ ဘီယာဝယ်ယူ သူများ ပြည့်နှက်နေသည်။
“ New yearညအတွက် ဘီယာတွေအရက်တွေ ဝယ်တဲ့သူများလာတယ်။ တချို့ဆို ဘီယာဖာလိုက်တွေ လာဝယ်ကြတယ်။ အရက်ဆို လေး၊ ငါး၊ ခြောက် ပုလင်း ဝယ်ကြတယ်။ ၃၁ရက်နေ့ဆိုရင် ဝယ်တဲ့သူ တအားများပြီး ပစ္စည်းပြတ်တာမျိုးရှိတော့ ကြိုဝယ်ထားကြတာပေါ့” ဟု ရန်ကုန်မြို့ ဈေးဝယ်စင်တာတစ်ခုရှိ အရောင်းဝန်ထမ်းတစ်ဦးက ပြောသည်။
နှစ်သစ်ကူးညတွင် ဟော့ပေါ့၊ မာလာရှမ်းကော၊ မာလာမောက်ကျိုက်၊ ငါးကင်၊ ကြက်ကင်၊ ကြက်အူချောင်း၊ ဝက်အူချောင်းနှင့် ယိုးဒယားအကင်မျိုးစုံစသည်တို့ကို မိသားစုဆွေမျိုးများ၊ သူငယ်ချင်းမိတ်ဆွေများနှင့် အတူတကွ စားသောက်၍ နှစ်သစ်ကူးညအား ဖြတ်သန်းမှုသည် ယခုနောက်ပိုင်းနှစ်များတွင် ရန်ကုန်မြို့၌ ခေတ်စားလာသည်။
“ နှစ်တိုင်း နှစ်သစ်ကူးညဆို မိသားစုတွေနဲ့ ကော့တေး လုပ်ပြီး ဟော့ပေါ့ ၊ မာလာရှမ်းကော လုပ်စားကြတယ်။ ဒီနှစ်လည်း လုပ်ဖို့အတွက် ဈေးလာဝယ်တာ။ အကင်မျိုးစုံ ရောင်းတဲ့ဆိုင်နဲ့ အရက်ရောင်းတဲ့ဆိုင်မှာ လူတွေ ကျိတ်ကျိတ်တိုးနေတာ။ အလှူပေးနေတဲ့အတိုင်းပဲ။ တိုးဝှေ့ပြီး ဝယ်နေရတယ်” ဟု နှစ်သစ်ကူးညအတွက် ဈေးလာဝယ်သူတစ်ဦးက ဆိုသည်။
နှစ်သစ်ကူးည စားသောက်ပွဲများတွင် အရက်၊ ဘီယာနှင့်အတူ စားရန် ရန်ကုန်မြို့ရှိ ဈေးများတွင် သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်နှင့် အသားငါး ဝယ်ယူသူများလည်း ယခင် ရက်များထက် ပိုမိုများပြားနေသည်။
“ ရန်ကုန်က လူငယ်တွေ နှစ်သစ်ကူးညမှာ Countdownပွဲသွားကြတဲ့သူရှိသလို အိမ်မှာဘဲ စားသောက်ကြတဲ့သူလည်းရှိတယ်။ ရန်ကုန်မှာ ညဘက်တွေ အပြင်ထွက်ရင် ပေါ်တာဆွဲခံရနိုင်တယ်။ အန္တရာယ်လည်း များတော့ ကျတော်က အိမ်ထဲမှာဘဲ မိသားစုနဲ့ စားသောက် Countdownလုပ်ပြီး နှစ်သစ်ကို ကြိုဆိုတော့မယ်” ဟု ရန်ကုန်မြို့ ၊ သင်္ဃန်းကျွန်းမြို့နယ်တွင် နေထိုင်သော ကိုငြိမ်းချမ်း(အမည်လွှဲ)က ဆိုသည်။
၂၀၂၅နှစ်သစ်ကူးပွဲအတွက် ရန်ကုန်မြို့ ကျိုက္ကဆံကွင်းတွင် Yangon Countdown Festival ပွဲပြုလုပ်မည်ဖြစ်သည်။
အဆိုပါ ပွဲကို စစ်ကောင်စီ၏ ခရိုနီသားဖြစ်သူ အဆိုတော်၊ လုပ်ငန်းရှင် အာဘွိုင်းကို စီစဉ်ခိုင်းထားပြီး ဒီဇင်ဘာ ၃၀ရက်ညနှင့် ၃၁ရက် ညတွင် ပြုလုပ်သွားမည်ဖြစ်သည်။
နှစ်သစ်ကူးညတွင် စစ်ကောင်စီ၏ ဖမ်းဆီးခြင်းများ ရှိလာနိုင်သည့်အတွက် ပြည်သူများအနေဖြင့် အပြင်သွားလာခြင်းမပြုဘဲ မိမိအိမ်တွင်သာ နေထိုင်ရန် တော်လှန်ရေးအင်အားစုများက တိုက်တွန်းမှုများလည်းရှိနေသည်။