By Zwe Ko /MPA
ပဲခူးတိုင်းအရှေ့ခြမ်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့၊ အမှတ် (၆) ရပ်ကွက်တွင်နေထိုင်သည့် ကလေးမိခင်တစ်ဦးသည် မြေမြှုပ်မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက်ဆုံးရှုံးခဲ့ရကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
၂၀၂၄ခုနှစ်၊ ဒီဇင်ဘာ ၂၈ရက်၊ နေ့လယ် ၁၂နာရီခန့်က အသက် ၃၉နှစ်အရွယ် မနီနီဝင်းဆိုသူသည် ၎င်း၏ နေအိမ်ခြံဝန်းအတွင်းရှိ ပြောင်းခင်းအတွင်း မြေမြှုပ်မိုင်းနင်းမိခဲ့ခြင်းဖြစ်ကြောင်း ဆွေမျိုးနီးစပ်သည့် အမျိုးသမီးတစ်ဦးက ပြောသည်။
“ သူ့သားလေးကိုချီပြီးတော့ နောက်ဖေးပြောင်းခင်းထဲသွားတာ၊ အဲ့ဒီမှာ မိုင်းနင်းမိတာ၊ ကလေးကတော့ ဘာမှ မဖြစ်ဘူး။ သူကတော့ မိုင်းနင်းမိတဲ့နေရာမှာတင် ဘယ်ခြေထောက်ပြတ်သွားတယ်။ တောင်ငူဆေးရုံကို ပို့ပြီးတော့ ဆေးကုနေတယ်” ဟု ၎င်းက ပြောသည်။
မြေမြှုပ်မိုင်းနင်းမိခဲ့သည့် အမျိုးသမီးတွင် တစ်နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ကလေးသုံးယောက်ရှိပြီး စီးပွားရေးအဆင်မပြေသည့်အတွက် ဆေးကုသရန် ငွေကြေးခက်ခဲမှုများရှိနေကြောင်း မုန်းမြို့၊ အမှတ် (၆) ရပ်ကွက်ရှိ အမျိုးသားတစ်ဦးက ပြောသည်။
“ သူ့ကလေးက နို့မပြတ်သေးဘူး။ အခုတော့ နို့မှုန့်၊ ပဲနို့တိုက်နေရတယ်။ ဆေးကုဖို့ ငွေမရှိလို့ ဆွေမျိုးတွေက ပိုက်ဆံတွေ စုပေးထားရတယ်။ အဆင်တော့မပြေဘူး။ အကူအညီလိုအပ်နေတယ်။ ဆေးရုံမှာနေရအုန်းမှာဆိုတော့ ဆေးဖိုးဝါးခ ကူညီနိုင်တဲ့သူတွေရှိရင် ကူညီပေးစေချင်တယ် ” ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည် နိုဝင်ဘာလကလည်း မုန်းမြို့နယ်၊ အမှတ် (၆) ရပ်ကွက်တွင် အမျိုးသမီးတစ်ဦး လယ်ကွင်းအတွင်း စပါး သွားရိတ်စဉ် မြေမြှုပ်မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက်ဆုံးရှုံးခဲ့ရသေးသည်။
“ အခုလိုမျိုး မိုင်းတွေနင်းမိတာ၊ ဒီဘက်မှာ ခဏခဏ ဖြစ်နေတယ်။ အဲ့ဒီလိုဖြစ်နေတော့ ဘယ်သူမှ အလုပ်ထွက်မရဲအောင်ကို ဖြစ်နေတာ၊ အခု မနီနီဝင်းဆိုရင် သူ့ခြံထဲမှာဘဲ မိုင်းနင်းမိပြီး ခြေထောက်ပြတ်သွားတာ၊ တောတောင်ထဲသွားရင် ပိုတောင်ဆိုးအုန်းမယ် ” ဟု ၎င်းက ပြောသည်။
ယခုနှစ်(၂၀၂၄ခုနှစ်)အတွင်း မုန်းမြို့နယ်၌ မြေမြှုပ်မိုင်းနင်းမိသူ ၁၂ဦးကျော်ရှိပြီး အဆိုပါ မိုင်းနင်းမိသူများထဲမှ နှစ်ဦးသေဆုံးကာ၊ ခုနှစ်ဦး ခြေထောက်ဖြစ်လိုက်ရကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ထို့ပြင် ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာ ပထမပတ်အတွင်း မုန်းမြို့နယ်တွင် တော်လှန်ရေးပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားခဲ့ခြင်းကြောင့် ပြည်သူအများအပြားစစ်ဘေးရှောင်ခဲ့ရသည့်အပြင် မုန်းမြို့မစျေးလည်း မီးလောင် ပျက်စီးခဲ့သေးသည်။
အဆိုပါတိုက်ပွဲပြီးနောက် စစ်ဘေးရှောင်ပြည်သူများသည် နေရပ်ပြန်လာခဲ့သော်လည်း မကြာခဏမြေမြှုပ်မိုင်းနင်းမိပြီး ထိခိုက်သေဆုံးမှုများ ဖြစ်ပေါ်နေခြင်းဖြစ်သော်လည်း မည်သည့်အဖွဲ့အစည်းကမှ မြေမြှုပ်မိုင်းရှင်းလင်းမှုများကို လက်ရှိအချိန်ထိ လုပ်ဆောင်ပေးခြင်းမရှိသေးပေ။
မုန်းမြို့သည် စစ်ကောင်စီတပ်ဖွဲ့နှင့် KNU ပူးပေါင်းတပ်ဖွဲ့များအကြား မကြာခဏ တိုက်ပွဲဖြစ်ပွားနေသော်လည်း စစ်ရေးအတွက် မိုင်းအသုံးပြုရာတွင် စည်းကမ်းချမှတ်ထားသည့် မိုင်းအသုံးပြုမှု မူဝါဒအတိုင်းသာ KNU ကအသုံးပြုပြီး စစ်ကောင်စီဘက်က ၎င်းတို့၏စခန်းများမဆုံးရှုံးစေရန် မိုင်းများကို ကြုံသလိုအသုံးပြုနေကြောင်း KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုကလယ်စေးက MPA ကိုပြောဆိုထားသည်။