By Zwe Ko /MPA
ဆောင်းသီးနှံဖြစ်သည့် မတ်ပဲ၊ ပဲငပိ(ပဲပုတ်)၊ ပဲတီစိမ်းအစရှိသည့် ပဲခင်းများတွင် ဖျက်ပိုးများကျရောက်နေသဖြင့် စိုက်ခင်းများပျက်စီးနေသည့်အတွက် တောင်သူများ ဒုက္ခရောက်နေရကြောင်း ပဲခူးတိုင်းအတွင်းရှိ တောင်သူများထံမှ စုံစမ်း သိရှိရသည်။
ယခုနှစ်(၂၀၂၄ခုနှစ်) ဆောင်းသီးနှံပဲစိုက်ခင်းများ ပျိုးကြဲပြီး တစ်လခန့်အကြာတွင် ဖျက်ပိုးများကျရောက်ခဲ့ခြင်းဖြစ်ပြီး အပင်ကြီးထွားမှုကြန့်ကြာနေကြောင်း သာယာ၀တီမြို့နယ်၊ အင်းရွာမှ အသက် ၄၀အရွယ် တောင်သူတစ်ဦးက ပြောသည်။
“ ပဲပင်တွေက တစ်လသားတောင်မပြည့်သေးဘူး။ ငမြောင်တောင်တွေ ကျနေတာ၊ ပြီးတော့ ပင်စည်ထိုးပိုးတွေ၊ ပျတွေ၊ ယင်ဖြူတွေလည်းတစ်အားကျ၊ ခါတိုင်းနှစ်တွေလည်းကျတာကကျတယ်။ ဒီနှစ်ကဆိုးဆိုးဝါးဝါးကို ကျနေတာ၊ငမြောင်တွေတွေလည်း ပဲပင်တွေစားထားတာ ၊ အရွက်တွေတောင်မရှိတော့ဘူး၊ အဲဒီတော့အပင်တွေက မကြီးတော့ဘူး”ဟု ၎င်းက ရှင်းပြသည်။
ထို့ပြင် ယခုနှစ်အတွင်း မိုးရွားစွာ ရွာသွန်းခဲ့ခြင်းကြောင့် ပဲခင်းများတွင် မှိုရောဂါမျိုးစုံကျရောက် အပင်သေဆုံးမှုများလည်း ဖြစ်ပွားနေကြောင်း လက်ပံတန်းမြို့နယ်၊ ကွမ်းခြံကုန်းကျေးရွာမှ အသက် ၃၀ အရွယ်တောင်သူတစ်ဦးက ပြောသည်။
“မြေအစိုဓာတ်တွေက များပြီး ပဲပင်တွေ သေတယ်။ အကွက်စေ့မရှိတော့ဘူး။ အခင်းထဲမှာ သေတဲ့အပင်တွေက သေကုန်ကော၊ မတ်ပဲခင်းတွေပိုဆိုးတယ်။ အပင်တွေလည်း သေးသေးလေး မကြီးတော့ဘူး။ အခုနှစ်တော့ တစ်ဧက ၁၀တင်းထွက်အောင် မနည်းလုပ်ရမယ် ”ဟု ၎င်းက ဆိုသည်။
ယခုကဲ့သို့ ပဲခင်းများ၌ ဖျက်ပိုးများနှင့် ရောဂါမျိုးစုံကျရောက်နေမှုကို တောင်သူများကြုံတွေ့နေရသော်လည်း အဆိုပါ ဖျက်ပိုးများနှင့် ရောဂါများကို နှိမ်နှင်းအတွက် စိုက်ပျိုးရေးသုံး ဆေးဝါးများသည် စျေးနှုန်းကြီးမြင့်နေသည့်အတွက် လုံလောက်စွာမဝယ်ယူနိုင်ကြောင်း လက်ပံတန်းမြို့နယ်၊ စဉ့်ကူးကျေးရွာမှ အသက် ၄၀ အရွယ် အမျိုးသမီးတောင်သူတစ်ဦးက ပြောသည်။
“ ဆေးတွေက ခုနှစ်သောင်း၊ ရှစ်သောင်းပေးနေရတာ၊ မပေးရဘူးဆိုတဲ့ ပိုးသတ်ဆေး၊ မှိုသတ်ဆေး တစ်ဘူး လေးသောင်းကျော်အနည်းဆုံး ပေးဝယ်နေရတာ၊ စျေးက မနှစ်ကထက် နှစ်ဆလောက်ခုန်တက်သွားတာ၊ အဲ့ဒီတော့ နှစ်ခါလောက်ဖျန်းရမဲ့အခင်းတွေကို တစ်ခါလောက်ပဲဖျန်းနိုင်တယ်။ အဲ့ဒီတော့ ရောဂါတွေ၊ ပိုးတွေကို မနိုင်တော့ဘူး။ ပဲခင်းတွေ ပျက်စီးကုန်တာဖြစ်ကုန်ကော ” ဟု အမျိုးသမီးတောင်သူက ရှင်းပြသည်။
လက်ရှိ ပဲတစ်ဧက စိုက်ပျိုးပါက အနည်းဆုံး ကိုးသိန်းခန့်ကုန်ကျပြီး အဖျက်ပိုးများနှင့် ရောဂါကျရောက်သည့်အတွက် အထွက်နှုန်းကျဆင်းမှုကြောင့် အရင်းပင်ပြန်ရရှိရန် မလွယ်ကူကြောင်း မိုးညိုမြို့နယ်၊ ရွှေလောင်းကျေးရွာမှ အသက် ၃၅နှစ်အရွယ် အမျိုးသမီးတောင်သူတစ်ဦးက ပြောသည်။
“ ဒီနှစ် ပဲစကြဲကတည်းက မြစ်ရေပြန်တက်လို့ ရေမြုပ်သွားတယ်။ နောက်တစ်ခါပြန်ကြဲရတယ်။ တချို့တွေဆို သုံးလေးခါလောက်ကို ရေနစ်လိုက် ပြန်ကြဲလိုက်လုပ်ရတာ၊ ပဲမျိုးဖိုး၊ လယ်ထွန်စက်ခ၊ ဆေးဖိုး၊ အလုပ်သမားစရိတ်၊ ပဲချွေခတွေပါတွက်မယ်ဆို မကုန်ဘူးဆို အနည်းဆုံး ကိုးသိန်းပဲ၊ တချို့တွေဆို ၁၃သိန်းလောက်ကုန်ကျတယ်။ ဒီနှစ်က ပဲတွေလည်းမထွက်ကြတော့ဘူး။ တချို့စိုက်ခင်းတွေဆို တစ်ဧကကို ခုနှစ်တင်း၊ ရှစ်တင်းလောက်ပဲထွက်တယ်။ အဲ့ဒီတော့ ရှုံးတာပေါ့ ” ဟု ၎င်းက ရှင်းပြသည်။
တောင်သူများသည် သဘာ၀ဘေးနှင့် စစ်ဘေးများကြောင့် လယ်ယာလုပ်ငန်းခွင်၌ အရှုံးများနှင့် ရင်ဆိုင်နေရသော်လည်း စစ်ကောင်စီက ကူညီမှုမပေးသည့်အပြင် စစ်မှုထမ်းငှားရမ်းခဟုဆိုကာ တောင်သူများထံမှ ငွေကြေးတောင်းခံခြင်း၊ တောင်သူများကို ပေါ်တာဆွဲခြင်းများ လုပ်ဆောင်လျက်ရှိနေကြောင်း တောင်သူများထံမှ စုံစမ်းသိရှိရသည်။
တောင်သူများကို နည်းအမျိုးမျိုးဖြင့် ဖိနှိပ်နေသည့် စစ်ကောင်စီသည် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်း ထွက်ကုန်များ ပြည်ပသို့ တိုးမြှင့်ပိုနိုင်ရေးအတွက် လိုအပ်သည့် မူဝါဒများချမှတ်ရန်ဆောင်ရွက်နေသည်ဟု ဒီဇင်ဘာ ၂၇ရက်က ပြုလုပ်သည့်အစည်းအဝေးတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေး ဖွံဖြိုးရေးကော်မရှင် ဥက္ကဌ ဗိုလ်ချုပ်ကြီးညိုစောက ပြောကြားထားသေးသည်။