By Blackpanda ၊ MPA
ဒေသမျိုးရင်းမဟုတ်သည့် အသားစားလိပ်များကို ဘေးမဲ့လွှတ်ခြင်းများကြောင့် ငါးမျိုးစိတ်များကို ထိခိုက်မှုရှိနေကြောင်း သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆောင်ရွက်နေသူများထံမှ စုံစမ်းသိရှိရသည်။
အသားစားလိပ်များသည် ကြီးထွားနှုန်းမြန်ခြင်း၊ ရန်မှုတတ်ခြင်းနှင့် ၎င်းတို့တွင် ကပ်ပါလာနိုင်သည့် ဗိုင်းရပ်စ်ပိုးများကြောင့် ဘေးမဲ့လွှတ်ခြင်းသည် ကောင်းမွန်သည့် အလေ့အထတစ်ခုမဟုတ်ကြောင်း မြန်မာ့တောရိုင်းတိရစ္ဆာန်နှင့် ဇီဝသက်ရှိများကို ထိန်းသိမ်းစောင့်ရှောက်မှုများပြုလုပ်နေသည့် (NSCI)အဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
“ အခုလို အသားစားလိပ်တွေကို ဘေးမဲ့လွှတ်တာက ငါးသယံဇာတနဲ့ ၊ မြန်မာ့မျိုးရင်း ငါးမျိုးစိတ်တွေ မျိုးသုဉ်းပျောက်ကွယ်သွားတဲ့အထိ အန္တရာယ်ရှိပါတယ် ´´ဟု ၎င်းက ပြောသည်။
ထို့ပြင် ဘေးမဲ့လွှတ်ပေးသည့် လိပ်များအနက် အသားစားလိပ်မျိုးစိတ်ဖြစ်သည့် အမေရိကန်မျိုးရင်း လိပ်ပါးနီများသည် အဆိုးရွားဆုံးဖြစ်ကြောင်း တွားသွားတိရစ္ဆာန်များကို လေ့လာနေသူ တစ်ဦးက ပြောသည်။
” ဒီလိပ်တွေက ကျတော်တို့ မျိုးစိတ် လိပ်တွေလည်း မဟုတ်ဘူး။ ကျူးကျော်မျိုးစိတ်တွေ၊ အဲ့ဒါကို ဒီနိုင်ငံက လူတွေက ဗဟုသုတမရှိဘဲ၊ ကုသိုလ်ရပြီးရော လွှတ်နေတာ၊ သူတို့က ကြီးထွားနှုန်းလည်း အရမ်းမြန်တယ်။ ပြီးတော့ သားစား မျိုးတွေတွေလေ၊ ကြာရင် ကောင်းကျိုးထက် ဆိုးကျိုးပဲဖြစ်ဖို့များတယ် ” ဟု ၎င်းက ပြောသည်။
ယင်းအပြင် ဒေသမျိုးရင်းမဟုတ်သည့် ကုန်းနေသတ္တဝါများနှင့် ရေနေသတ္တဝါများကို ဘာသာရေးအကြောင်းပြချက်များဖြင့် ဘေးမဲ့လွှတ်ပေးခြင်းသည် လွှဲမှားနေသည့် အယူအဆများဖြစ်ခြင်းကြောင့် အဆိုပါ အယူအဆအမှားများကို နောက်မျိုးဆက်ထိ လက်ဆင့်ကမ်း သယ်ဆောင်သွားခြင်းမဖြစ်စေရန် တတ်ကျွမ်းသူများက အသိပေးမှုများပြုလုပ် သင့်ကြောင်း သဘာ၀ပတ်ဝန်းကျင်လေ့လာနေသူ ကို Leo က ပြောသည်။
” အယူအဆအမှားတွေဖြစ်ကြောင်း သက်သေပြဖို့ အသိပေးစာကပ်တာတွေ၊ မလုပ်ဖို့ တားမြစ်တာတွေလုပ်ရမယ်။ အခုနောက်ပိုင်း လူငယ်တွေက ရှင်းပြရင် လက်ခံလာတယ်။ အဓိက ဖြစ်နေတာ ရှေးလူကြီးတွေပေါ့၊ ဘယ်လိုပြင်ဆင်ရမလဲဆိုင်ရင် နောက်လာမဲ့ မျိုးဆက်တွေကို အမှန်တရားတွေချပြ၊ အယူအဆအမှားတွေကို ဖယ်ထုတ်ပေး လိုက်ရင် ပိုအဆင်ပြေပါတယ် ” ဟု ကို Leoက ပြောသည်။
ထို့ပြင် မြန်မာနိုင်ငံ၌ အသားစားလိပ်များကို မြစ်၊ ချောင်း၊ အင်းအိုင်များကို ဘေးမဲ့လွှတ်ခြင်းကြောင့် ရေနေသတ္တဝါများ ထိခိုက်မှုရှိသလို၊ ကုန်းလိပ်များကိုလည်း ဘာသာရေးဆိုင်ရာ ရေကန်များတွင် ဘေးမဲ့လွှတ်ခြင်းပြုလုပ်မှုများရှိနေပြီး ယခုကဲ့သို့ လုပ်ဆောင်ခြင်းသည် ကုန်းလိပ်များအား နှိပ်စက်နေခြင်းဖြစ်သည်ဟု NSCI က ထုတ်ပြန်ထားသည်။
ယင်းအပြင် ဘာသာရေးဆိုင်ရာ ရေကန်များတွင် ဘေးမဲ့လွှတ်ထားသည့် လိပ်များကို ၎င်းတို့၏ အစာမဟုတ်သော ပေါင်မုန့် နှင့် နို့ထွက်ပစ္စည်းများ ကျွေးခြင်းသည် အဟာရမဖြစ်ဘဲ လိပ်များအတွက် ဘေးအန္တရာယ်ဖြစ်စေကြောင်း NSCI က ဆိုသည်။
ကမ္ဘာပေါ်တွင် လိပ်မျိုးစိတ်ပေါင်း ၃၀၀ခန့်ရှိပြီး မြန်မာနိုင်ငံ၌ ပင်လယ်လိပ်ငါးမျိုး၊ ကုန်းလိပ်နှင့် ရေလိပ် ၂၇မျိုး ကျက်စားနေထိုင်သည်။ မြန်မာနိုင်ငံတွင် ကျက်စားနေထိုင်သည့် လိပ်မျိုး ၃၂မျိုးအနက် မြန်မာတစ်နိုင်ငံတည်းတွင်သာရှိသော ဒေသရင်းဖွား ရှားပါးလိပ်မျိုးစိတ် ၁၁ မျိုးအထိရှိကြောင်း လိပ်မျိုးဆက်ရှင်သန်ရေးအဖွဲ့၏ စာရင်းများအရသိရသည်။
မြန်မာနိုင်ငံရှိ ရှားပါးလိပ်မျိုးစိတ် ၁၁မျိုးအနက် တိုက်လိပ်နှင့်ကြယ်လိပ်များသည် အပြည်ပြည်ဆိုင်ရာ သဘာဝအရင်းအမြစ်များထိန်းသိမ်းရေးအဖွဲ့ IUCNက မျိုးသုဉ်းရန်အန္တရာယ်ရှိသည့် မျိုးစိတ်အဖြစ် အနီရောင်စာရင်းတွင် ထည့်သွင်းထားပြီး ထိန်းသိမ်းကာကွယ်မှုများ လိုအပ်လျက်ရှိသည်။
မြန်မာနိုင်ငံတွင်သာရှိသည့် ရှားပါးလိပ်မျိုးစိတ်များသည် လူများ၏ မဆင်မခြင် ဘေးမဲ့လွှတ်ပေးသည့် လိပ်ပါးနီကဲ့သို့သော အသားစားလိပ်များကြောင့် မျိုးသုဉ်းပျောက်ကွယ်မှုနှင့် ကြုံတွေ့နိုင်သည်ဟု သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆောင်ရွက်နေသူများက ထောက်ပြကြသည်။
မြန်မာနိုင်ငံတွင် လိပ်ဝါ၊ ကြယ်လိပ်၊ တောင်လိပ်ကြီး၊ လိပ်မောင်း၊လိပ်ကြက်တူရွေး၊ တောင်ပိုင်းသောင်လိပ်၊ မြောက်ပိုင်းသောင်လိပ်၊ တိုက်လိပ်၊ လိပ်ရင်ကျိုး၊ ကံလိပ်၊ ဖက်လိပ်၊ ဆောက်လိပ်၊ ရခိုင်တောင်လိပ်၊ သင်ပေါင်းလိပ်၊ နေကြာပန်းလိပ်၊ လိပ်ချေးပန်း၊ ခေါင်းကျားလိပ်၊ လိပ်မည်း၊ လိပ်ဘီးဝန်း၊ လိပ်ခေါင်းသေး၊ လိပ်ဖရဲ၊ လေးကွက်လိပ်၊လိပ်ခွေး၊ ပြင်သာလိပ်၊ စောင်းလျားလိပ်၊ လိပ်စွန်/လိပ်ကြက်တူရွေး၊ လိပ်လှောင်း စသည့် လိပ်များ ရှင်သန်ကျက်စားနေကြောင်း မြန်မာ့လိပ်မျိုးစိတ်များအမျိုးအစားခွဲခြားခြင်းနှင့် ထိန်းသိမ်းစောင့်ရှောက်ခြင်းအဖွဲ့အစည်း Turtles & Tortoises of Myanmar၏ စာရင်းများအရ သိရသည်။