ကရင်ပြည်နယ်နေ့ပွဲတော်နေ့တွင် ဒုံးကပေးရန် စစ်ကောင်စီက လိုက်လံစည်းရုံးနေသည့်အတွက် ဒေသတွင်းဒုံးအဖွဲ့များ၊ ဒုံးအကနည်းပြဆရာများ၊ ဒုံးကသည့် လူငယ်မောင်မယ် များ ရပ်ရွာထဲတွင်မနေဘဲ ရှောင်ရှားနေထိုင်ကာငြင်းဆိုနေသဖြင့် စစ်ကောင်စီကို အားပေးထောက်ခံသည့် ကျေးရွာဒုံံးအဖွဲ့ ၄ဖွဲ့ သာ ဝင်ရောက်ယှဥ်ပြိုင်ရန် လုပ်ဆောင်နေကြောင်း ဒေသတွင်း ဒုံးအက နည်းပြဆရာများ ပြောဆိုချက်အရ သိရသည်။
ယခုနှစ် နိုဝင်ဘာ ၇ ရက်နေ့တွင် ကျရောက်မည့် (၆၆) နှစ်မြောက် ကရင်ပြည်နယ်နေ့ပွဲတော်ကို ပြည်နယ်စစ်ကောင်စီက ဒုံးအပါအဝင် လက်ဝှေ့ပွဲနှင့် တိုင်းရင်းသား ဓလေ့ရိုးရာပြခန်းများပါ ထည့်သွင်းကျင်းပသွားရန် စီစဉ်နေပြီး ပြည်နယ်ပွဲ၏ အထင်ကရ ကရင်ဒုံးအက ပြိုင်ပွဲဝင်ရန် ဖျော်ဖြေကပြမည့် ဒုံးအကအဖွဲ့ များသည် စစ်ကောင်စီ ပြုလုပ်သည့် ပွဲတော်တွင် ပါဝင်ကပြလိုခြင်း မရှိသည့်အတွက် ပြည်နယ်စစ်ကောင်စီဝင် ကရင်လူကြီးများကိုယ်တိုင် လူငယ်များကို ကျေးရွာများအထိဆင်းပြီး လိုက်လံစည်းရုံးနေရကြောင်း သိရသည်။
“အခု ကရင်ပြည်နယ်စစ်ကောင်စီက ဒေသထဲက ကရင်လူငယ်တွေကို ဖမ်းထားတာ လူအများကြီးပဲ ရှိနေတယ်။ တောင်ကလေးထောင်မှာရော ဘားအံ အချုပ်မှာရောပေါ့ ။ အဲ့ဒီမှာ ရွာတွေက ဒုံးကတဲ့ ကလေးတွေလည်းပါတယ်။ ဒါကို စစ်ကောင်စီမှာပါတဲ့ ကရင်လူကြီးပိုင်းတွေ၊ စစ်ကောင်စီကို ထောက်ခံတဲ့ ကရင်စာပေယဥ်ကျေးမှုအသင်းကလူကြီးတွေက ရွာတွေကို ဒုံံးထွက်ပြိုင်ပေးဖို့၊ ဒုံံးအကတိုက်ကြဖို့ လိုက်ပြောပေမယ့် ကျနော်တို့လူငယ်တွေရော၊ ရပ်ရွာက လူကြီးတွေ၊ ဆရာတော်တွေရောက လက်မခံဘူး။ မက ပေးဘူးဘဲပြောတဲ့အတွက် သူတို့က သူတို့နေထိုင်ခဲ့တဲ့ ရွာလေးရွာက ဒုံးအဖွဲ့ တွေကို အကတိုက်ခိုင်းနေတယ်ဆိုတာတော့သိရပေမယ့် အဲ့ရွာတွေမှာလည်း ဒုံးမကလိုကြတဲ့ ကလေးတွေက ရွာကရှောင်ပြီး နေနေကြတယ်ဆိုတာ ကြားရပါတယ် ” ဟု ကော့ကရိတ်ဒုံးအကနည်းပြ ဆရာက ပြောသည်။
ယခုနှစ်ဝင်ကမည့် ဒုံးအဖွဲ့ များက လှိုင်းဘွဲ့ဒုံး၊ မုကဒိ့ဒုံး၊ ရသေ့ပျံဒုံး၊ ကော့ပလံ (ကော့ကရိတ်)ဒုံး များ ပါဝင်ကပြမည် ဟု သိရကြောင်း ကရင်ပြည်နယ် စာပေယဥ်ကျေးမှုအသင်းဝင်များက သိရသည်။
ယခုလပိုင်းအတွင်း ကရင်ပြည်နယ်တွင် စစ်ကောင်စီတပ်များနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တို့ တိုက်ပွဲများ နေ့စဥ်ဆက်လက်ဖြစ်ပွားနေပြီး ကရင်လူငယ်များက ယခုနှစ် ဒုံးမကခြင်းသည် ရိုးရာယဉ်ကျေးမှုကို ဖျက်ဆီးခြင်းမဟုတ်ဘဲ စစ်အာဏာသိမ်းဖြစ်ရပ်၏ နိုင်ငံရေး မတည်ငြိမ်မှုများ၊ ဒေသတွင်းပြည်သူနှင့် ဒေသခံ လူငယ်များအား အကြောင်းမဲ့ စစ်ဆေး၊ စွပ်စွဲ၊ ဖမ်းဆီးမှုများကြောင့် စစ်ကောင်စီလက်ထက် ကျင်းပမည့် ကရင်ပြည်နယ်နေ့ ဒုံးကပြိုင်ပွဲကို ပါဝင်ခြင်းမပြုလိုကြခြင်းဖြစ်သည်။