By Hlaing / MPA
မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊ ကျောက်ထုမြို့ရှိ လေယာဥ်ကွင်းအနီးမှ ကျေးရွာများသည် စစ်ကောင်စီကို ကြောက်လန့်သဖြင့် လယ်ယာမြေများ၌ ပိုးမကြဲရဲဘဲဖြစ်နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ကိုးရက်မှစ၍ ချင်းညီနောင်မဟာမိတ်ပူးပေါင်းတပ်များက မင်းတပ်မြို့ မြို့သိမ်းတိုက်ပွဲဆင်နွှဲခဲ့ပြီးနောက် စစ်ကောင်စီတပ်က လေကြောင်း၊ ဒရုန်းနှင့် လက်နက်ကြီးတို့ကို အသုံးပြုကာ အသည်းအသန်ခုခံကာကွယ်နေခြင်းဖြစ်ပြီး၊ ကျောက်ထုမြို့ ရှိ အမြောက်တပ်ရင်း (အမှတ် – ၃၆၈) မှလည်း ၄င်းတို့ အနီးရှိ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ကျေးရွာများကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်နေခြင်းကြောင့် ကျောက်ထုမြို့ဒေသခံများ အခက်အခဲများစွာ ကြုံတွေ့နေရခြင်းဖြစ်သည်။
ထိုသို့ ပစ်ခတ်မှုများကြောင့် ကျောက်ထုလေယာဥ်ကွင်းနှင့် လေးပေခန့်အကျယ်ရှိသည့် ချောင်းတစ်ခုသာ ခြားနေသည့် နတ်ရဲ၊ မင်းကြည့်၊ တောခလွန်၊ ပေါက်ခေါင်းနှင့် မြို့ပေါက်ကျေးရွာများတွင် ဆောင်းသီးနှံအတွက် ပျိုးကြဲနိုင်ခြင်းမရှိဘဲ အခက်အခဲ တွေ့ကြုံနေရခြင်း ဖြစ်သည်။
“ ကျမတို့ ရွာတွေမှာက စစ်တပ်လေယာဥ်ကွင်းနဲ့နီးတော့ အကုန်နီးပါး စစ်ရှောင်နေကြတယ်။ နိုဝင်ဘာလဆန်းလောက်ကတော့ စပါးရိတ်သိမ်းချိန်မှာ ပြန်သိမ်းကြတယ်။ စစ်တပ်ကိုကြောက်လို့ ရသမျှစပါးတွေကို သယ်၊ ကြိတ်၊ ရောင်း တခါတည်းလုပ်ကြရတယ်။ စစ်တပ်ကိုကြောက်လို့ နောက်မျိုးမကြဲရဘူးဖြစ်နေတာ ” ဟု မင်းကြည့်ကျေးရွာမှ အမည်မဖော်လိုသူအမျိုးသမီးတစ်ဦးက MPA သို့ ပြောသည်။
ယခင်က အဆိုပါကျေးရွာများတွင် စပါးရိတ်သိမ်းပြီးနောက် ယာမြေများ၌ မြေပဲ၊ နေကြာစသည့် ဆောင်းသီးနှံများကို ပျိုးကြဲစိုက်ပျိုးခြင်းဖြစ်သည်။
ထို့ပြင် စစ်တပ်အာဏာသိမ်းပြီးနောက် လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် ကျောက်ထုမြို့နယ်အတွင်းရှိ ကျေးရွာများတွင် နေထိုင်သည့် တောင်သူများသည် စိုက်ပျိုးပြီးသည့် လယ်ယာ မြေများကို ထိန်သိမ်း ပြုပြင်နိုင်ခြင်းမရှိဘဲ နေရပ်စွန့်ခွာထွက်ပြေးနေရပြီး ရိတ်သိမ်းချိန်ရောက်မှသာ ပြန်လည်နေထိုင်ရကြောင်းလည်း ဒေသခံများက ဆိုသည်။
“ စပါးပြီးရင် နေကြာနဲ့ မြေပဲ စိုက်တာက နှစ်တိုင်းပဲ၊ ကိုယ်တိုင်လည်း စားလို့ရ၊ ရောင်းလို့လည်းရတယ်။ ဒါပေမဲ့ လေယာဉ်ကွင်းနဲ့ကလည်းနီး စစ်တပ်ကလည်း လှမ်းမြင်နေရတော့ ကြောက်တယ်။ ဘယ်သူမှ ပျိုးမကြဲရဲဘူး။ မြေအလွတ်တွေဖြစ်နေတယ် ” ဟု နတ်ရဲကျေးရွာမှ စစ်ရှောင်လာသည့် အသက် ၇၅ နှစ်အရွယ် စစ်ရှောင် အဘွားအိုတစ်ဦးက ပြောသည်။
ထိုကဲ့သို့ ပျိုးမကြဲနိုင်မှုများကြောင့် မိသားစုစားဝတ်နေရေးအတွက် ကျပ်တည်းမှု ဖြစ်ပေါ်လာသည့်အပြင် နီးစပ်ရာဆွေမျိုးများ၏အိမ်များနှင့် တောတိုက်များ(လယ်စောင့်တဲ)တွင် စစ်ရှောင်နေရသည့်အတွက် စီးပွားရေး၊ ပညာရေး စသည့် အဘက်ဘက်မှ အဆင်မပြေမှုများစွာကြုံတွေ့နေရကြောင်း စစ်ရှောင်များက ဆိုသည်။
ကျောက်ထုဒေသအတွင်းရှိ တောင်သူများအနေဖြင့် ယခင်နှစ် မိုးစပါးပေါ်ချိန်တွင် တင်း ၁၀၀ ၂၁ သိန်းရရှိခဲ့သော်လည်း မြေဩဇာစျေး၊ ထွန်ယက်ခများကြောင့် ပိုလျှံမှုမရှိခဲ့ကြောင်း၊ ယခုနှစ်တွင်လည်း စပါးစျေး အပြောင်းအလဲမရှိသည့်အတွက် တောင်သူများသည် ရောင်းချခြင်းမရှိဘဲ စားသုံးရန်အတွက်သာ ထားရှိတော့သည် ဒေသခံ တောင်သူများက ပြောသည်။
“ စပါးရိတ်ရင် ဆယ်နှစ်ကျော်ကလေးကအစ အဘွားတွေအထိ ဝိုင်းလုပ်ကြတယ်။ ဒီဘက်မှာက ထိုင်း၊ မလေးရှားသွားတဲ့သူတွေများတော့ လယ်စိုက်မစားကြတော့ဘူး။ တခြားရွာကနေလည်း နေ့စားသမားငှားရတာ မလွယ်ဘူးလေ၊ စရိတ်ငြိမ်းဆို တစ်ရက်တစ်သောင်းပဲ၊ မြေသြဇာကလည်း ပခုက္ကူကနေ မှာရတာဆိုတော့ စစ်တပ်ကပဲ သိမ်းမလားဆိုပြီး စိုးရိမ်စိတ်တွေ ရှိတာပေါ့” ဟု တောခလွန်ကျေးရွာမှ အသက် ၄၅ နှစ်အမျိုးသမီးတစ်ဦးက ရှင်းပြသည်။
စစ်တပ်အာဏာမသိမ်းမီက ကျောက်ထုမြို့နယ်အတွင်း ပုလဲဓာတ်မြေဩဇာ တစ်အိတ်လျှင် ကျပ် ၂၅၀၀၀ နှင့် ဓာတ်ဆီတစ်ဂါလံ ကျပ် ၂၀၀၀ခန့်သာရှိခဲ့သော်လည်း စစ်တပ်အာဏာသိမ်းပြီးနောက် လက်ရှိအချိန်တွင် မြေဩဇာနှင့် စက်သုံးဆီစျေးမှာ ငါးဆခန့်မြင့်တက်လာကြောင်း ဒေသခံများက ဆိုသည်။
ယင်းအပြင် ရာသီဥတုဖောက်ပြန်ခြင်းနှင့် စစ်ပွဲများကြောင့် ကျောက်ထုဒေသခံများသည် စိုက်ပျိုးထားသည့် သီးနှံများကို မရိတ်သိမ်းနိုင်ခြင်း၊ အထွက်နှုန်း ကျဆင်းခြင်းများနှင့် လုပ်သားရှားပါးမှုများကြောင့် တောင်သူများ အရှုံးပေါ်နေကြောင်းလည်း သိရသည်။
မကွေးတိုင်း၊ ယောဒေသဖြစ်သည့် ဂန့်ဂေါ၊ ထီးလင်း၊ ကျော၊ ဆောမြို့နယ်နှင့် ကျောက်ထုမြို့နယ်ခွဲတို့တွင် တောင်ယာစပါးကိုသာ အဓိကထား၍ စိုက်ပျိုးကြပြီး ဆန်၊ ဆီပေါများရာ ဒေသတစ်ခုလည်း ဖြစ်သော်လည်း စစ်တပ်အာဏာသိမ်းပြီးနောက် ဒေသခံများသည် ခက်ခက်ခဲခဲရှင်သန်နေရသည်။
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးဦးစားပေးသည့် နိုင်ငံတစ်ခုဖြစ်သော်လည်း စစ်တပ်အာဏာသိမ်းပြီးနောက် ငွေကြေးဖောင်းပွလာပြီး ယင်းနောက်ဆက်တွဲအကျိုးဆက်ကြောင့် လယ်ယာလုပ်ငန်း သွင်းအားစုများ အဆမတန်စျေးမြင့်မားခဲ့သည့်အပြင် စက်သုံးဆီနှင့် တောင်ယာအလုပ်သမားခစျေးကြီးမြင့်ခြင်းများကြောင့် တောင်သူများသည် ကုန်ကျစရိတ်ပိုများပြီး အရှုံးပေါ်လျက်ရှိနေသည်။