တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်တွင် စစ်ရှောင်လျက်ရှိနေကြသည့်ဒေသခံ၃၀၀၀ခန့်သည် သယ်ယူပို့ဆောင်ရေးအခက်အခဲများကြောင့် စားနပ်ရိက္ခာအခက်အခဲများ ရှိနေသည်။
အောက်တိုဘာလပထမအပတ်အတွင်းက စစ်တပ်၏ ဝင်ရောက်ရှာဖွေမှုများ၊ အကြမ်းဖက်လုပ်ရပ်များကြောင့် တောင်ပျောက်တိုက်နယ်ရှိ ကျေးရွာ၁၀ရွာမှဒေသခံများမှာ စစ်ရှောင်နေကြရပြီး စစ်တပ်၏ပိတ်ဆို့မှုများကြောင့် ရိက္ခာဝယ်ယူရန်နှင့် အလှူပစ္စည်းများပို့ဆောင်ရန် အခက်အခဲများဖြစ်ပေါ်လျက်ရှိနေကာ စားနပ်ရိက္ခာအတွက် အခက်အခဲများရှိနေခြင်းဖြစ်ကြောင်း စစ်ရှောင်များကို အကူအညီပေးနေသူများထံမှ သိရှိရသည်။
“စားရေးသောက်ရေးကတော့ခက်နေတယ်။ ဒီမှာကျတော့ ရိက္ခာသယ်ယူလို့မရတော့ဘူး။ လမ်းကြောင်းတွေကို စစ်တပ်ကပိတ်ထားတော့လေ။ ပိတ်ထားတယ်ဆိုတော့ ရိက္ခာသယ်မယ့်လမ်းကြောင်းက ခက်တယ်။ ကုန်ဈေးနှုန်းကလည်း အဆမတန်ဖြစ်နေတယ်ဆိုတော့ ရိက္ခာပိုင်းတော်တော်ခက်ခဲတယ် ” ဟု စစ်ရှောင်များကို ကူညီပေးနေသူတစ်ဦးက ပြောသည်။
တောင်ပျောက်တိုက်နယ်ရှိ ကျေးရွာများဖြစ်သည့် ရေဗျတ်၊ မယ်ကဲ၊ ကျောက်အိုင်၊ ဝင်းကဖော်၊ ကျွဲခြံ၊လယ်စု၊ ရေပူ၊ ဗျတ်ဝိသား၊ တောင်ပျောက်စသည့် ကျေးရွာကိုးရွာမှ ဒေသခံ၅၀၀၀နီးပါး စစ်ရှောင်ခဲ့ရပြီးလက်ရှိအချိန်တွင် ရွာသို့ပြန်သူများရှိသဖြင့် ၃၀၀၀နီးပါးကျန်ရှိနေသည်။ စစ်ရှောင်များရှိရာသို့ စားနပ်ရိက္ခာများပို့ဆောင်ရေးအခက်အခဲကြောင့် ရိက္ခာပြတ်လပ်သည်အထိ ကြုံတွေ့နိုင်သည့် အနေအထားတွင်ရှိနေသည်။
“စစ်တပ်နဲ့ဝေးတဲ့ရွာကလူတွေ၊ စစ်တပ်မရှိတော့တဲ့ရွာကသူတွေတော့ ပြန်ကြတာမျိုးရှိပါတယ်။ ဒါပေမယ့် ၃၀၀၀လောက်ကျန်သေးတယ်။ အကုန်လုံး မျှဝေစားသောက်နေကြရတာပေါ့။ အလှူငွေတွေဝင်ဖို့ကလည်း ခက်နေတော့ မကြာခင်မှာ ရိက္ခာပြတ်လပ်တာမျိုးရှိလာနိုင်ပါတယ် ” ဟု ၎င်းကဆိုသည်။
အကြမ်းဖက်စစ်တပ်အဖွဲ့များသည် ကျေးရွာများတွင်းသို့ ဝင်ရောက်သည်အခါများတွင် သေနတ်များ လက်နက်ကြီးများ ပစ်ခတ်ကာ ဝင်ရောက်လေ့ရှိပြီး ဒေသခံများပိုင်ဆိုင်သည့် ကြက်၊ ဘဲ၊ ဆန်များကို ယူဆောင်ခြင်း၊ ဖျက်ဆီးခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်လေ့ရှိသည့်အတွက် ဒေသခံများအနေဖြင့် တိမ်းရှောင်နေကြရခြင်းဖြစ်သည်။
#တောင်ပျောက်တိုက်နယ်#စစ်ဘေးရှောင်များ#ရိက္ခာခက်ခဲနေ#MPA