By Nway / MPA
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ပညာရေးဘုတ်အဖွဲ့ တာဝန်ခံဦးဝင်းဌေးနှင့် မိသားစု လုပ်ကြံသတ်ဖြတ်ခံရမှု တစ်လပြည့်အဖြစ်မြေပြင်နှင့် အွန်လိုင်းတို့တွင် ဆန္ဒပြလှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြောင်းသိရသည်။
ယင်းလှုပ်ရှားမှုများကို ယနေ့ (ဒီဇင်ဘာလေးရက်) တွင် တစ်ပြိုင်တည်း ပြုလုပ်ခြင်းဖြစ်ပြီး အခြေခံပညာ ပညာရေးဝန်ထမ်းများအထွေထွေသပိတ်ကော်မတီ (BEGSC) နှင့် မြို့နယ်ပညာရေးဘုတ်အဖွဲ့များက ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
“ တော်လှန်ရေးအင်အားစု စိုးမိုးနယ်မြေတွေမှာ ဒီလို လူမဆန်တဲ့သတ်ဖြတ်မှုတွေ ထပ်မံမဖြစ်ပွားဖို့အတွက် ဦးဝင်းဌေးကိစ္စဖြစ်ပွားထားတဲ့အမှုတွေ အမှုမှန်ပေါ်ပေါက်ဖို့ အရေးကြီးပါတယ်။ ဒါကို စုံစမ်းစစ်ဆေးပေးဖို့ တောင်းဆိုတာပါ” ဟု BEGSC ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဆရာဦးကျော်ရဲလွင်က MPA ကို ပြောသည်။
ကနီ၊ ရွှေဘို၊ စစ်ကိုင်း၊ တန့်ဆည်၊ ရေဦး၊ တမူး၊ ယင်းမာပင်၊ ဒီပဲယင်း၊ မြင်းမူ၊ ဖောင်းပြင်၊ ဘုတလင်၊ ဂန့်ဂေါ၊ အင်းတော်၊ အရာတော်၊ ချောင်းဦး၊ ကန့်ဘလူ၊ စစ်ကိုင်း၊ ဆားလင်းကြီး၊ ဟုမ္မလင်းနှင့် ပဲခူးမြို့နယ်တို့မှ ပညာရေးဦးဘုတ်အဖွဲ့များက ဦးဆောင်၍ ကျောင်းသားကျောင်းသူများ၊ ဆရာ ဆရာမများနှင့် ပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် မြေပြင်လှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြသည်။
ထို့ပြင် ရန်ကုန်တိုင်းပညာရေး အင်အားစုများနှင့် ထိုင်း – မြန်မာနယ်စပ်ရှိ ကျောင်းအချို့တွင်လည်း ဓာတ်ပုံကမ်ပိန်းများ ပြုလုပ်ကြကာ BEGSC – CEC ၏ လူမှုကွန်ရက်စာမျက်နှာ၌ မှတ်တမ်းဓာတ်ပုံများ ဖော်ပြခဲ့သည်။
“ အမှုမှန်ပေါ်ပေါက်ဖို့အတွက် သက်ဆိုင်ရာဝန်ကြီးဌာနတွေက အထူးအဖွဲ့စေလွှတ်ပြီး စုံစမ်းစစ်ဆေးရေးလုပ်နေတယ်လို့ သိရတယ်။ နောက်ဆက်တွဲအချက်အလက်တွေကိုတော့ အသေးစိတ်မသိရဘူး” ဟု ဆရာဦးကျော်ရဲလွင်က ပြောသည်။
နိုဝင်ဘာ လေးရက် ညပိုင်းက ကနီမြို့နယ်၊ တပုန်းကျေးရွာရှိ နေအိမ်တွင် ဦးဝင်းဌေး၊ ဇနီးဖြစ်သူ ဒေါ်ခြိမ့်ခြိမ့်သဲနှင့် သုံးလအရွယ်သမီး မရွှေဝတ်ရည်လွှာတို့ ဓားချက်ပေါင်းများစွာဖြင့် သေဆုံးနေကြောင်း တွေ့ကြရသည်။
တပုန်းကျေးရွာသည် ချင်းတွင်းမြစ် အရှေ့ဘက်ကမ်းတွင် တည်ရှိပြီး ကနီမြို့နှင့် ရှစ်မိုင်ခန့်ကွာဝေးကာ တော်လှန်ရေးအင်အားစုများ နယ်မြေစိုးမိုးထားသည့် ကျေးရွာလည်း ဖြစ်သည်။
၎င်းတို့သတ်ဖြတ်ခံရမှုအပေါ် မည်သည့်လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကဖြစ်စေ၊ မည်သည့်အဖွဲ့အစည်းတစ်ခုကဖြစ်စေ ကျူးလွန်ခြင်းကို အပြင်းအထန် ကန့်ကွက်ရှုတ်ချပြီး သေဆုံးခဲ့ရသူများအတွက် တရားမျှတမှု ရရှိနိုင်ရန် ထိထိရောက်ရောက် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း NUG ပညာရေးဝန်ကြီးဌာနက နိုဝင်ဘာ ငါးရက်တွင် သတင်းထုတ်ပြန်ထားသည်။