By Nway / MPA
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်ရှိ ကျေးရွာနှစ်ရွာကို စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကပ္ပိယကလေးငယ် ပွဲချင်းပြီး သေဆုံးကာ သံဃာသုံးပါး ပြင်းထန်ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။
ယနေ့ (ဒီဇင်ဘာလေးရက်)၊ နေ့ခင်း ၁၂နာရီကျော်တွင် နွားထိုးကြီးမြို့နယ်၊ သမန်းတောကျေးရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်းဆောင်များလည်း ပျက်စီးခဲ့ကြောင်း ဒေသခံအချို့ထံက သိရသည်။
“ သမန်းတောရွာက ဘုန်းကြီးကျောင်းကို လာပစ်သွားတာ။ သိန်းစိန်ခေတ်က သူကိုယ်တိုင် ဘုရားထီးလာတင်ဖူးတယ်။ ကပ္ပိယကလေးလေး ပွဲချင်းပြီး သေတယ်။ ဘုန်းကြီးနဲ့ကိုရင်ကြီးတစ်ပါးက ခေါင်းထိထားတာ စိုးရိမ်ရတယ်။ ကိုရင်လေးက လက်ပြတ်သွားတယ်” ဟု ၎င်းက MPAသို့ ပြောသည်။
ထို့နောက် မွန်းလွဲ တစ်နာရီကျော်တွင် ကဒေါင်းရွာကို ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိသော်လည်း အသေးစိတ်ကို မသိရသေးကြောင်း ၎င်းကပြောသည်။
“ ထိခိုက်သူတွေတော့ ဆေးဝါးကုသမှုခံယူနေပါပြီ” ဟု ၎င်းက ဆက်လက်ပြောသည်။
ဒီဇင်ဘာ သုံးရက်၊ ည၁၀နာရီခန့်ကလည်း နွားထိုးကြီးမြို့နယ်၊ ကွမ်းအုံရွာနှင့် သူဌေးကုန်းရွာတောရိုးထဲသို့လေကြောင်းမှ ဗုံးအလုံး၄၀ နီးပါး ကြဲချတိုက်ခိုက်ခဲ့ရာ ပြည်သူနှစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရရှိခဲ့သေးသည်။