By Ra Wai / MPA
စစ်ကိုင်းတိုင်း၊ ရေဦးမြို့၊ တိုင်းရင်းဆေးရုံအခြေစိုက် စစ်ကောင်စီတပ်ကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သားတစ်ဦး ပြင်းထန်ဒဏ်ရာ ရခဲ့ကြောင်းသိရသည်။
ဒီဇင်ဘာ သုံးရက်၊ ည ခုနှစ်နာရီခွဲခန့်တွင် တိုင်းရင်းဆေးရုံအတွင်းရှိ စစ်ကောင်စီတပ်ကို ၆၀(မမ)လက်နက်ကြီးလေးလုံး ပစ်ခတ်ခဲ့ရာ စစ်သားများနေထိုင်သည့် နေအိမ်တစ်လုံးပေါ်သို့ ကျရောက်ပေါက်ကွဲပြီး အဆောက်အအုံပျက်စီးခဲ့ကြောင်း Wolf Guerrilla LDF Ye.U Air Force အဖွဲ့ထံက သိရသည်။
“ နှစ်လုံးက သူတို့နေတဲ့အိမ်တစ်အိမ်ပေါ်သွားကျတယ်။ အိမ်ကတော့ စုတ်ပြတ်သတ်သွားတယ်။ တစ်ကောင်ကတော့ ဒဏ်ရာတော်တော်ပြင်းတယ်” ဟု Wolf Guerrilla LDF Ye.U Air Force၊ သတင်းပြန်ကြားတာဝန်ခံ ရဲဘော်ညိုကြီးက MPA သို့ပြောသည်။
ကျန်လက်နက်ကြီးနှစ်လုံးမှာ တိုင်းရင်းဆေးရုံဝင်းထဲသို့ပင် ကျရောက်သော်လည်း လူထိခိုက်မှုမရှိ ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုပြီးနောက် ရေဦးမြို့အဝင် ကြာဖူးဂိတ်မှ စစ်သားများက သေနတ် ပစ်ဖောက်ခဲ့ပြီး ရေဦးတိုင်းရင်းဆေးရုံအတွင်းမှလည်း လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း သိရသည်။
“ မြို့အဝင်ဂိတ်ကတော့ နာရီဝက်လောက်ထိ ဖောက်တယ်။ မြို့ထဲတော့ တိုင်းရင်းဆေးရုံပတ် ချာလည်မှာ ဆူညံသွားတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
ယနေ့ (ဒီဇင်ဘာ လေးရက်) မွန်းလွဲ နှစ်နာရီခန့်တွင်လည်း တိုင်းရင်းဆေးရုံမှ မြို့ပြင်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သော်လည်း မြို့ပြင်လယ်ကွင်းများထဲသို့သာ ကျရောက်ကြောင်း သိရ သည်။
စစ်သားတစ်ဦး ဒဏ်ရာရမှုကို MPAအနေနှင့် သီးခြားအတည်မပြုနိုင်ပေ။