By Ko Paing / MPA
PDF ထိန်းချုပ်ထားသော မန္တလေးတိုင်း၊မတ္တရာမြို့နယ်အရှေ့ဘက်ခြမ်းရှိ မြို့ကုန်းကျေးရွာသို့ စစ်ကောင်စီတပ် ဝင်ရောက်လာသဖြင့် တိုက်ပွဲဖြစ်ပွားရာ စစ်သား အလောင်း ခုနှစ်လောင်း၊စစ်သုံ့ပန်းတစ် ဦးနှင့်လက်နက်ခဲယမ်းများသိမ်းဆည်းရမိကြောင်း MDY-PDF က ယနေ့ (ဒီဇင်ဘာလေးရက်) သတင်းထုတ်ပြန်သည်။
ဒီဇင်ဘာသုံးရက် တွင် မြို့ကုန်းကျေးရွာသို့ စစ်ကောင်စီ တပ်က စစ်ကြောင်းထိုးဝင်ရောက်လာရာ MDY-PDF နှင့်တစ်နေကုန်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။
“မတ္တရာကနေ ဒီဇင်ဘာနှစ်ရက်နေ့ ညပိုင်းမှာ ထွက်လာတဲ့စစ်ကြောင်းနဲ့တစ်နေကုန် တိုက်ပွဲဖြစ်တာ ပါ။ တိုက်ပွဲဖြစ်ပြီးတော့ ညနေ သုံးနာရီလောက်မှာ မတ္တရာဘက်ကို ပြန်ဆုတ်သွားတယ်။စစ်သုံ့ပန်းမိ တာကတော့ တပ်သားအဆင့်ပါပဲ။လက်နက်ငယ်ငါးလက်နဲ့ ခဲယမ်းတွေသိမ်းဆည်းရမိတယ်။ သေဆုံး အ လောင်းတွေထဲမှာ အကြပ်၊အရာရှိ ပါဝင်မှုရှိ ၊ မရှိတော့ စစ်ဆေးနေဆဲပါ” ဟု MDY-PDF ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က MPA ကိုပြောသည်။
ဒီဇင်ဘာသုံးရက် တိုက်ပွဲတွင် စစ်တပ်ဘက်က လေကြောင်းပစ်ကူပေးခြင်းမရှိကြောင်း သိရသည်။
“ဒီနေ့မနက်ထိကတော့ မြို့ကုန်းရွာဘက်အခြေအနေက ငြိမ်သက်နေပါတယ်” ဟု ၎င်းကဆက်လက်ပြောသည်။
ယင်းစစ်ကြောင်းသည် ဒီဇင်ဘာနှစ်ရက်တွင် မတ္တရာမြို့ပေါ်မှနေ၍ အင်အား ၈၀ ဝန်းကျင်ဖြင့် မြို့ကုန်းကျေးရွာသို့ စစ်ကြောင်းထိုးလာခဲ့ခြင်းဖြစ်သည်။
စစ်သားများ သေဆုံးမှုကို MPAအနေနှင့် သီးခြားအတည်မပြုနိုင်ပေ။
မတ္တရာ ၊ သပိတ်ကျင်း နှင့် နောင်ချိုမြို့နယ်တို့တွင် MDY-PDF နှင့် စစ်တပ်တို့ နေ့စဉ်တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။