By Hlaing / MPA
မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊ ကျောက်ထုမြို့ရှိ စစ်ကောင်စီ၏ အမြောက်တပ်မှ ဆော၊ ကျောက်ထုမြို့အနီးရှိ ကျေးရွာများနှင့် မင်းတပ်မြို့ကို နေ့စဉ်နီးပါး လက်နက်ကြီးဖြင့် ပစ်ခတ်နေခြင်းကြောင့် ပြည်သူများ ထိတ်လန့်နေရ ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
၂၀၂၄ခုနှစ်၊ နိုဝင်ဘာ ကိုးရက်မှစ၍ ချင်းညီနောင် မဟာမိတ်ပူးပေါင်းတပ်များသည် မင်းတပ်မြို့သိမ်းတိုက်ပွဲဆင်နွှဲ နေခြင်းဖြစ်ပြီး စစ်ကောင်စီက လေကြောင်း၊ ဒရုန်းနှင့် လက်နက်ကြီးများ အသုံးပြုကာ ခုခံနေခြင်းဖြစ်ပြီး တိုက်ပွဲနှင့် သက်ဆိုင်ခြင်းမရှိသည့် နေရာများကိုပါ ဗုံးကြဲမှုများ ပြုလုပ်နေခြင်းကြောင့် ပြည်သူများ ပိုဆို ထိတ်လန့်နေခြင်းလည်း ဖြစ်သည်။
ထို့ပြင် မင်းတပ်မြို့နှင့် ၁၈ မိုင်သာ ကွာဝေးသည့် စစ်ကောင်စီလက်အောက်ခံ ကျောက်ထုမြို့အခြေစိုက် အမြောက်တပ်ရင်း(အမှတ် – ၃၆၈) မှလည်း ကျောက်ထုမြို့နယ်ခွဲရှိ ပန်းဆန်၊ သရက်ချဥ်၊ ကြန်တော၊ ကံကြီး၊ ရဲရင့် နှင့် ဆောမြို့နယ်ရှိ လက်ပန်း၊ ကံအိုးကျေးရွာများသို့ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ နေ့စဉ်ပြုလုပ်လျက်ရှိသည်။
“ မင်းတပ်မှာ တိုက်ပွဲဖြစ်နေတော့ ကျောက်ထုကနေလည်း ရွာတွေဘက်ကို ပစ်တယ်။ ခမ်းတိုတောင်က ကြားထဲမှာ ခြားနေတာတောင်မှ ကျောက်ထုကနေ ပစ်လို့ရှိရင် လက်ပန်းရွာပတ်ချာလည်ကို တန်းကျတယ်။ အရင်ကလည်း သုံးယောက်လောက်သေဖူးတယ်။ မနေ့က မနက်ကလည်း ကျောက်ထုကနေပစ်လို့ ကံအိုးနဲ့ လက်ပန်းရွာကလူတွေ ပြေးလာကြတာ” ဟု ဆောမြို့နယ်၊ လက်ပန်းကျေးရွာမှ ဒေသခံ အမျိုးသားတစ်ဦးက MPA သို့ ပြောသည်။
လက်ရှိတွင် စစ်ကောင်စီတပ်၏ ကျောက်ထုမြို့ အမြောက်တပ်ရင်း(အမှတ် – ၃၆၈) အပြင် မိတ္ထီလာ(ရှမ်းတဲ)၊ တံတားဦးနှင့် မကွေးလေတပ်တို့မှ လေယာဥ်များကို အသုံးပြုကာ မင်းတပ်မြို့ပေါ်ရှိ တိုက်ပွဲဖြစ်ပွားရာနေရာများသို့ ဗုံးသီးများကြဲချခြင်း၊ ရိက္ခာထုပ်များနှင့် လက်နက်ခဲယမ်းပေးပို့ခြင်းတို့ကို ပြုလုပ်လျက် ရှိနေသည်။
“ မင်းတပ်က တိုက်ပွဲသံတွေက တောတိုက်တွေထဲကဆို ပိုကြားရတယ်။ သိမ်းနေတဲ့အချိန်ကဆိုရင် ကြားနေရတာ၊ တအုန်းအုန်းနဲ့။ လက်နက်ကြီးကလည်း တစ်ကမ်းပဲလေ၊ ကလေးငယ်တွေဆိုရင် လေယာဥ်ဖြတ်သွားတာနဲ့ ငိုတော့တာပဲ” ဟု ဆောမြို့နယ်၊ ကံအိုးကျေးရွာမှ အသက် ၅၅ နှစ် အရွယ် အမျိုးသမီးတစ်ဦးက ဆိုသည်။
ဆောမြို့နယ်တွင် ကျောက်ထုမြို့ အခြေစိုက် အမြောက်တပ်ရင်း(အမှတ် – ၃၆၈) နှင့် လောင်းရှည် ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ – ၂၅) ဟူ၍ တည်ရှိသော်လည်း အဆိုပါတပ်နှစ်ခုမှာ သီးခြားဆီသာရှိနေကြပြီး၊ ကျောက်ထု – ဆော – လောင်းရှည်လမ်းပိုင်းကိုလည်း ဒေသခံတော်လှန်ရေးတပ်ဖွဲ့များက စိုးမိုးထားသည်။
၂၀၂၄ ခုနှစ်တွင် ယောဒေသအတွင်း၌ စစ်ကောင်စီအနေဖြင့် မြေပြင်စစ်ကြောင်းထိုး၍ လှုပ်ရှားသွားလာမှုနည်းပါးသွားသော်လည်း၊ စစ်ကြောင်းမှူးပြောင်းပြီးနောက် လေကြောင်းတိုက်ခိုက်မှုများကို ပိုမိုပြုလုပ်လာကြောင်း ဒေသခံများထံမှ သိရသည်။
ထို့ပြင် ချင်းပြည်နယ်၊ မင်းတပ်မြို့နှင့် နီးကပ်စွာ တည်ရှိနေသည့် ဆောမြို့နယ်သည် မကွေးတိုင်းအတွင်း စစ်ကောင်စီကို လက်နက်ကိုင်ခုခံတော်လှန်ခဲ့သည့် အစောဆုံးမြို့တစ်မြို့ဖြစ်သည့်အပြင် တော်လှန်ရေးအဖွဲ့များ အားကောင်းသည့် မြို့တစ်ခုလည်းဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ မေ ကိုးရက်တွင် ဆောမြို့နယ်၊ ကျောက်ထုမြို့နယ်ခွဲရှိ အကြည်ပန်းပလွန်းကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းအသုံးပြု၍ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံ ၁၆ ဦး သေဆုံးကာ၊ ၃၃ ဦး ဒဏ်ရာရရှိခဲ့သေးသည်။