By Ra Wai / MPA
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ဝန်ထမ်းအိမ်ရာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို PDFတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ဗိုလ်အဆင့်ရှိသူနှစ်ဦးသေဆုံးကြောင်း သိရသည်။
နိုဝင်ဘာ ၁၃ရက်၊ နံနက် လေးနာရီခွဲဝန်းကျင်တွင် မြင်းမူမြို့အစွန်၊ ဧရာဝတီမြစ်ကမ်းဘေးရှိ ဝန်ထမ်းအိမ်ရာ၌ တပ်စွဲထားသည့် အင်အား ၂၀ ဝန်းကျင်ရှိ စစ်တပ်ကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိတွေ့တိုက်ပွဲ ၄၅မိနစ်ခန့်ကြာခဲ့ကြောင်း Moe Nyo Revolution Force-MNRF အဖွဲ့က ယနေ့(နိုဝင်ဘာ၁၄ရက်)မွန်းလွဲပိုင်း၌ သတင်းထုတ်ပြန်သည်။
“ တိုက်ပွဲဖြစ်နေစဉ်အတွင်းမှာကို ငိုနေတဲ့အသံတွေကြားရတယ်။ လောလောဆယ်အတည်ပြု လို့ရ တာ ဗိုလ်အဆင့်ရှိသူနှစ်ယောက်သေတယ်။ ဒဏ်ရာရ သုံးယောက်လို့ သိထားရတယ်။ ဒဏ်ရာက တော့ မစိုးရိမ်ရဘူးလို့ပြောတယ်” Moe Nyo Revolution Force-MNRF တာဝန်ခံ၊ ကိုမိုးညိုက MPA သို့ပြောသည်။
တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း စစ်တပ်အခြေစိုက်ရာ မြင်းမူမြို့၊ အထကတစ်ကျောင်းအတွင်းမှ လက်နက်ကြီး ပစ်ကူပေးပြီး သံပြာကာကားနှစ်စီးဖြင့် စစ်ကူလာသည့်အတွက် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း သိရသည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်သည် ဝန်ထမ်းအိမ်ရာကို စွန့်ခွာသွားပြီး နေ့ခင်းပိုင်း၌ အင်အားဖြည့်တင်းကာ ပြန်လည်အထိုင်ချတပ်စွဲနေကြောင်းသိရသည်။
စစ်ကောင်စီတပ်မှ ပစ်ခတ်သည့်လက်နက်ကြီးများ မြို့ထဲသို့ ကျရောက်ပေါက်ကွဲပြီး မြို့ခံသုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
စစ်တပ်အာဏာစသိမ်းသည့်အချိန်မှစ၍ ယင်းဝန်ထမ်းအိမ်ရာတွင် ဝန်ထမ်းများမနေထိုင်တော့ သဖြင့် စစ်တပ်က ဝင်ရောက်တပ်စွဲထားခြင်းဖြစ်ကြောင်း သိရသည်။
ယင်းတိုင်ခိုက်မှုကို Moe Nyo Revolution Force (M.N.R.F.)၊ Dog Killers People’s Defence Force Myinmu (DK-PDF MMUl မြင်းမူမြို့နယ် ပကဖ၊ ဇေယျာရွှေမြေနှင့် မြင်းမူမြို့နယ် အနောက်ခြမ်း ပကဖ ညီနောင်မဟာမိတ်များ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ပြီး PDF ရဲဘော်များ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်၊ သေဆုံးမှုကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။