By Ra Wai / MPA
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မြေတိုင်းရွာထဲသို့ စစ်ကောင်စီတပ် လေကြောင်းဖြင့် ကြဲချသည့် ဗုံးအလုံး ၄၀ကျော် ကျရောက်ပေါက်ကွဲခဲ့ရာ ခြောက်နှစ်အရွယ်မိန်းကလေးငယ်တစ်ဦးသေဆုံးခဲ့ ကြောင်း သိရသည်။
နိုဝင်ဘာ ၁၃ရက်၊ ည ၁၀နာရီဝန်းကျင်က မြေတိုင်းရွာကို စစ်ကောင်စီတပ်က Y12လေယာဉ် ဖြင့် ဗုံးကြဲချခဲ့ရာ ရွာထဲသို့ ဗုံးကျရောက်ပေါက်ကွဲပြီး ဒေသခံငါးဦးဝန်းကျင် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းတော်လှန်ရေးရဲဘော်တစ်ဦးထံကသိရသည်။
“ Y12နဲ့ကြဲတာ။ ပထမချတာ ခြောက်လုံး၊ နောက်အခေါက်တွေကျ ရှစ်လုံးတွဲတွေချတာ။ ရွာထဲကို အကုန်ကျတယ်ဗျ။ ဒဏ်ရာရတဲ့သူတွေထဲက တယောက်ကတော့ စိုးရိမ်ရတဲ့ အခြေအနေရှိတယ်” ဟု ၎င်းက MPA သို့ပြောသည်။
မြေတိုင်းရွာ အနောက်ခြမ်းတစ်ခြမ်းလုံးကို ဗုံးကြဲသွားသဖြင့် အနောက်ခြမ်းရှိ ပြည်သူနေအိမ်များ ပျက်စီးခဲ့ကြောင်း ၎င်းကပြောသည်။
“ ပျက်စီးမှုကတော့ ရွာတစ်ခြမ်းလုံးလို့ ပြောလို့ရတာပေါ့” ဟု ၎င်းက ဆက်လက်ပြောသည်။
မြေတိုင်းကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသလို PDF တပ်ဖွဲ့များလည်းမရှိကြောင်း သိရသည်။
မြင်းခြံခရိုင်အထူးစစ်ဆင်ရေးစတင်ပြီးနောက် စစ်ကောင်စီတပ်သည် မြေပြင်စစ်ကြောင်း မထိုးရဲတော့ဘဲ မြင်းခြံမြို့ပေါ်မှ ဟောင်ဝှစ်ဇာဖြင့်ပစ်ခတ်ခြင်း၊ မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာနှင့် ငါးဇွန်မြို့နယ်ရှိ ကျေးရွာများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းများပြုလုပ်လျက်ရှိသည်။