By Maung Dagon / MPA
ရန်ကုန်တိုင်းအတွင်းရှိ ဆင်ခြေဖုံးမြို့နယ်များ၌ စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက လူငယ်များကို ညစဉ် ကိုယ်ထူကိုယ်ထ ကင်းပတ်ခိုင်းနေပြီး မပြုလုပ်လိုသူများသည် အဆိုပါ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များကို ဒဏ်ကြေးပေးဆောင်ရကြောင်း ဒေသခံများထံမှ စုံစမ်း သိရှိရသည်။
၂၀၂၄ခုနှစ်၊ ဩဂုတ်လမှ စတင်ကာ ရန်ကုန်တိုင်းအတွင်းရှိ ရွှေပြည်သာ၊ လှိုင်သာယာ၊ တောင်ဒဂုံ၊ အရှေ့ ဒဂုံ စသည့် ဆင်ခြေဖုံး မြို့နယ်များ၌ ရပ်ကွက် လုံခြုံရေးအတွက် ဟုဆိုကာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များသည် လူငယ်များကို ၎င်းတို့နှင့်အတူ ညစဉ် ကင်းပတ်ရန် ခိုင်းစေနေခြင်းလည်း ဖြစ်သည်။
“ ရာအိမ်မှူးက ဒီနေ့တော့ ဘယ်သူ လာရမယ် လှမ်းအကြောင်းကြားတယ်။ အဲ့ဒါဆို သွားရတယ် ” ဟု တောင်ဒဂုံမြို့နယ်၌ နေထိုင်သည့် အသက် ၃၅ နှစ်အရွယ် လူငယ်တစ်ဦးက ပြောသည်။
ထိုကဲ့သို့ ကင်းလှည့်ရာ၍ ဆိုင်ကယ် ဘေးတွဲသမားများကိုလည်း ခေါ်ယူခိုင်းစေပြီး ကင်းလှည့်အဖွဲ့များအား ခေါ်ဆောင်ပေးရသည်ဟု သိရသည်။
“ ရပ်ကွက်ကို ပတ်တာပေါ့၊ ရာအိမ်မှူးတွေ အုပ်ကြီးတွေ ခေါ်ထားတဲ့ လူငယ်တွေပါမယ်။ ကျတော်တို့က သူတို့သွားတဲ့ နေရာကို လိုက်မောင်းပို့ပေးရတယ်။ ကျတော်တို့ ဘေးတွဲသမားတွေလည်း အလှည့်ကျလိုက်ပို့ပေးရတာ” ဟု အရှေ့ဒဂုံမြို့နယ်၌ ဆိုက်ကယ်ဘေးတွဲမောင်းသူ တစ်ဦးက ပြောသည်။
ယခုကဲ့သို့ ရန်ကုန်တိုင်း ဆင်ခြေဖုံးမြို့နယ်များရှိ ရပ်ကွက်များအလိုက် ကင်းပတ်မှုများတွင် စစ်ကောင်စီ လက်အောက်ခံ ရဲနှင့် စစ်သားများ လိုက်ပါခြင်းမရှိဘဲ ရပ်ကျေးကောင်စီ အဖွဲ့များက လူငယ်များကို လုံခြုံရေးသဖွယ် ခေါ်ယူကင်းလှည့်နေခြင်းလည်းဖြစ်သည်။
ထို့ပြင် ကင်းလှည့်မှုအတွင်း မလိုက်လိုခြင်း သို့မဟုတ် ပျက်ကွက်ခြင်းများရှိပါက ဒဏ်ကြေးအဖြစ် အနည်းဆုံး ကျပ်ငါးထောင်ပေးရသော်လည်း ကင်းပတ်သည့်အတွက် ငွေကြေး တစ်စုံတစ်ရာ ပေးခြင်းမရှိကြောင်း ကင်းလှည့်ရာတွင် လိုက်ပါပေးခဲ့ရသည့် တောင်ဒဂုံမြို့နယ်၊ ၆၉ ရပ်ကွက်နေ လူငယ်တစ်ဦးက ပြောသည်။
“ မသွားချင်ရင် ငါးထောင်ပေးရတယ်။ မိသားစုကိစ္စ တစ်ခုခုပေါ်လို့ မသွားဖြစ်တာတောင် တောင်းတာ၊ အတော်ဆိုးဆိုးဗျာ ကျတော်တို့မှာ ဘာမှ ပြန်လုပ်ပိုင်ခွင့်၊ တိုင်ကြားခွင့်လဲမရှိဘူး” ဟု ၎င်းက ရှင်းပြသည်။
ယင်းအပြင် ကင်းလှည့်ရာ၌ လမ်းသွားလမ်းလာများကို အဓိကစစ်ဆေးပြီး ဧည့်စာရင်းစစ်ခြင်းများလည်း ပြုလုပ်သလို ရဲများ လိုက်ပါလာသည့် အခါမျိုးတွင် မူးယစ်ဆေးဝါးရှာဖွေသည်ဆိုသည့် အကြောင်းပြချက်ဖြင့် ပြည်သူများကို ငွေညှစ်မှုများလည်း ပြုလုပ်တတ်ကြောင်း လှိုင်သာယာမြို့ခံ တစ်ဦးက ပြောသည်။
“ ရဲတွေပါလာတဲ့ အခါမျိုးဆိုရင် အမှုတစ်ခုမဟုတ် တစ်ခုရအောင်ရှာတယ်။ မူးယစ်ဆေး ဖမ်းမယ်။ မိရင် ဘယ်လောက်တောင်းမယ်။ ပြီးရင် အုပ်ချုပ်ရေးအဖွဲ့နဲ့ ကင်းပတ်တဲ့သူတွေကို ဘယ်လောက်ပြန်ပေးမယ်ဆိုပြီး လုပ်တာ” ဟု ၎င်းက ပြောသည်။
ဆက်လက်ပြီး ရွှေပြည်သာ၊ လှိုင်သာယာ၊ တောင်ဒဂုံ၊ အရှေ့ ဒဂုံမြို့နယ်များတွင် ကင်းပတ်ရသည့်အပြင် ရပ်ကွက်အလိုက် အထိုင်ကင်းတဲများ ဆောက်လုပ်ထားပြီး ရပ်ကွက်နေပြည်သူများအား အလှည့်ကျ ကင်းစောင့်ခိုင်းကြောင်း၊ကင်းကြေးအဖြစ် နေ့စဉ် ငွေကြေးကောက်ခံသည်ဟု ရွှေပြည်သာမြို့ခံတစ်ဦးက ပြောသည်။
“ တစ်အိမ်ကို တစ်ထောင် ကောက်တယ်။ ကင်းကြေးဆိုပြီး နေ့တိုင်းပေးနေရတာ ” ဟု ရွှေပြည်သာမြို့နယ်၊ အမှတ် ၉ ရပ်ကွက်နေ ဒေသခံ ပြည်သူတစ်ဦးက ပြောသည်။
အဆိုပါ ကိုယ်ထူကိုယ်ထ လှည့်ကင်းများ၊ အထိုင်ကင်းများသည် အစွန်အဖျား ကျသည့် မြို့နယ်များ၌သာ ပြုလုပ်ခိုင်းခြင်း ဖြစ်ပြီး မြို့တွင်းနှင့် အနီးတစ်ဝိုက် မြို့နယ်များတွင်မူ ထိုသို့ လုပ်ဆောင်ခြင်း မရှိဟု သိရသည်။
“ ကျတော်တို့ဘက်မှာ မစောင့်ခိုင်ပါဘူး။ ည ၁၂ ကျော် ထွက်ရင်တောင် ဒီကောင်တွေ (ရဲနှင့်စစ်သား) ကို မတွေ့ရဘူး” ဟု လမ်းမတော်မြို့နယ် ၁၇လမ်း၌ နေထိုင်သည့် လူငယ်တစ်ဦးက ပြောသည်။
စစ်ကောင်စီသည် စစ်အာဏာသိမ်းမှု ဆန့်ကျင် ဆန္ဒပြမှုများအား အကြမ်းဖက်ဖြိုခွင်းသဖြင့် လက်နက်ကိုင်တော်လှန်ရေး ပေါ်ပေါက်လာခဲ့ရာ ရန်ကုန်မြို့အတွင်း တော်လှန်ရေး ရဲဘော်များ စိမ့်ဝင်လာနိုင်မှုကို ကာကွယ်ရန်အတွက်ဟုဆိုကာ စစ်ကောင်စီက ရပ်ကွက်အလိုက် ကိုယ်ထူကိုယ်ထ ကင်းများလုပ်ဆောင်ရန် စေခိုင်းခြင်းဖြစ်ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များထံမှ သိရသည်။
ထို့ပြင် စစ်ကောင်စီသည် နိုင်ငံတစ်ဝန်း စစ်ရှုံးနေသဖြင့် မြို့ပြ လုံခြုံရေးအင်အားကို လျှော့ချပြီး ၎င်းတို့နေရာတွင် လူငယ်များကို အတင်းအကျပ် ကင်းလှည့်ရန် စေခိုင်းနေခြင်းလည်း ဖြစ်သည်။