By Ra Wai / MPA
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ဆင်မင်းကျေးရွာစစ်ဆေးရေးဂိတ်မှ ထွက်လာသည့် စစ်သားတစ်ဦးကို လက်နက်ခဲယမ်းနှင့်တကွ PDFများက ဖမ်းဆီးမိခဲ့ကြောင်းသိရသည်။
နိုဝင်ဘာ ၁၀ရက်တွင် ဆင်မင်းကျေးရွာ စစ်ကောင်စီဂိတ်မှ နယ်မြေမကျွမ်းသည့် စစ်သားတစ်ဦး ဂိတ်အပြင်သို့ထွက်လာစဉ် PDF ကင်းပုန်းဝပ်သည့်နေရာသို့ ရောက်ရှိလာသဖြင့် အလစ်အငိုက်ဖမ်း ဆီးခဲ့ကြောင်း Young Force UG က ယနေ့ (နိုဝင်ဘာ ၁၂ရက်)သတင်း ထုတ်ပြန်ထားသည်။
“ သူတို့ဂိတ်ကနေ အပြင် ထွက်လာတာပဲ။ နည်းနည်း ဝေးဝေးပေါ့။ ကိုယ့်ဘက်က ဦးတာဆိုတော့ သူ့ဘက်ကအတွေ့ကြုံလည်းမရှိတော့ လွယ်လွယ်ကူကူပါပဲ” ဟု Young Force UG မှ ရဲဘော်တစ်ဦး က MPA သို့ပြောသည်။
ဖမ်းဆီးရမိသည့် စစ်သားကို စစ်ဆေးမေးမြန်းနေပြီး စည်းမျဉ်းစည်းကမ်းအတိုင်းဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။
ယင်းစစ်သားထံမှ ကာဘိုင်သေနတ် တစ်လက် ၊ ကျည်ဘောက် သုံးခု ၊ ကာဘိုင် ကျည် ၄၅တောင့် ၊ ကျည်ကာဝတ်စုံ တစ်ထည်၊ ဦးထုပ် တစ်လုံး နှင့် ဖုန်း တစ်လုံးတို့ သိမ်းဆည်းရရှိခဲ့ကြောင်းသိရသည်။
နိုဝင်ဘာ ၁၀ရက်တွင်ပင် ပခုက္ကူမြို့နယ်၊ ဂွေးချိုပျူစောထီးရွာကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ပြီး ပန်းတိုင်းခြုံစစ်ဆေးရေးဂိတ်ကို ၄၀(မမ)နှစ်လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုကို မသိရှိရသေးကြောင်း Young Force UG ကထုတ်ပြန်ထားသေးသည်။