By Ra Wai / MPA
စစ်တပ် အမာခံထောက်ခံသူ ငါးမင်းဆွေကို လူမှုကွန်ရက်ပေါ် လှုံ့ဆော်ဝါဒဖြန့်ခြင်းကြောင့် ဖမ်းဆီး အရေးယူထားကြောင်း စစ်ကောင်စီသတင်းစာများ၌ ယနေ့ ထုတ်ပြန်သည်။
နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်ကာ လူမှုကွန်ရက်စာမျက်နှာပေါ် လှုံ့ ဆော်ဝါဒဖြန့်ခဲ့သည့် ငါးမင်းဆွေ ဖေ့စ်ဘွတ်ခ်အကောင့်ပိုင်ရှင်ဖြစ်သူ မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်၊ ဖက္ကလိပ်ကျေးရွာနေ ငါးမင်းဆွေ(ခ)ဦးမင်းဆွေအား နိုဝင်ဘာ၁၀ရက်၌ လှိုင်မြို့မရဲစခန်း၌ ဖမ်းဆီး အရေးယူခဲ့ကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြသည်။
“မင်းအောင်လှိုင်ကိုထိရင် ဇာတ်တူသားစားဖို့ဝန်မလေးကြောင်း နောက်ထပ်သက်သေပြချက်လို့ နား လည်မိပါတယ်။အကောင်ကြီးတယ်ဆိုတဲ့ ခြောက်လုံးတန်း(နေပြည်တော်ရှိ သန်းရွှေနှင့် စစ်ခေါင်း ဆောင်ဟောင်းတို့၏ အိမ်ရာ)ကို အဝင်အထွက်ရှိတဲ့ လည်/ဆည်ဝန်ကြီးဟောင်း မြင့်လှိုင်ကိုလည်း ဖမ်းပြီးပြီ။သန်းရွှေရဲ့ သားမက်ကိုလည်း ဖမ်းပြီးပြီ။ငါးမင်းဆွေအဆင့်က မဘသဘုန်းကြီးလို့ဆိုတဲ့ ဝီရ သူထက်တောင် ဒီဘက်ခေတ်မှာ အဆင့်နိမ့်သေးတယ်ဆိုတော့ ဖမ်းရုံတင်မကဘူး။သတ်ပါသတ် ပစ် နိုင်တယ်”ဟု ရန်ကုန်အခြေစိုက်နိုင်ငံရေးသုံးသပ်သူတစ်ဦးက MPAသို့ ပြောသည်။
ငါးမင်းဆွေသည် ၎င်း၏ လူမှုကွန်ရက်စာမျက်နှာပေါ်မှနေ၍ စစ်ရှုံးမင်းအောင်လှိုင်အဖြစ် သရော် ခြင်း၊ ဗိုလ်ချုပ်မှူးကြီးငါးမင်းဆွေဟူ၍ စစ်ယူနီဖောင်းဝတ် မင်းအောင်လှိုင်မျက်နှာနေရာတွင် ၎င်း၏ မျက်နှာ တပ်ထားသည့် ဓာတ်ပုံတင်ခြင်း၊တိုင်းပြည်ငြိမ်းချမ်းလိုလျှင် PDFနှင့်ဆွေးနွေးရန်ပြောခြင်း စသည့် အကြောင်းအရာများ ရေးသားခဲ့သည်။
“ဘာပဲဖြစ်ဖြစ် သူတို့ချင်း ဇာတ်တူသားစားတာ ကျတော်တို့အတွက် ကောင်းပါတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။
ဒေါက်တာဇော်မြင့်မောင်သည် မန္တလေးမြို့ကြီး စမတ်စီးတီးဖြစ်အောင် ကြိုးပမ်းခဲ့ကြောင်း ဂုဏ်ပြု ရေးသားခဲ့သည့် မြန်မာ့ဒုတိယစစ်အာဏာရှင် သန်းရွှေ၏ သားမက် ဒေါက်တာနေစိုးမောင်ကို ဒေါက်တာဇော်မြင့်အောင်၏ နာရေးရက်လည်မှအပြန်တွင် စစ်ကောင်စီက ဖမ်းဆီးကာ အောက်တိုဘာ၂၃ရက်၌ မန္တလေးမြို့၊ပြည်ကြီးတံခွန်ရဲစခန်း၌ ဖမ်းဆီး အမှုဖွင့်ခဲ့သည်။
တောင်သူများကို ထမင်းတစ်နပ်လျှော့စားခိုင်းကာ စိုက်စရိတ်ချေးငွေ ပြန်ဆပ်ခိုင်းသည့် လည်/ ဆည် ဝန်ကြီးဟောင်းမြင့်လှိုင်ကို ဧပြီ၁၀ရက်တွင် စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။