By Blackpanda ၊ MPA
ကမ္ဘာပေါ်တွင် မျိုးသုဉ်းရန် အန္တရာယ်နှင့် ရင်ဆိုင်နေရသည့် ဧရာ၀တီလင်းပိုင်များသည် နှစ်စဉ် ခြောက်ကောင်ခန့်သေဆုံးနေသည့်အတွက် ထိန်းသိမ်းရန်လိုအပ်လျက်ရှိကြောင်း သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းနေသူများထံမှ သိရသည်။
၂၀၀၂ခုနှစ်မှ စတင်ကာ ၂၀၁၉ ခုနှစ်အထိ ဧရာ၀တီလင်းပိုင်ရေ စာရင်းများကို နှစ်စဉ်ကောက်ခံခဲ့ပြီး နောက်ဆုံးကောက်ခံထားသည့် စာရင်းအရ ကောင်ရေ ၁၀၀ရှိခဲ့သော်လည်း လက်ရှိတွင် ကောင်ရေအတိအကျကို စာရင်းမကောက်နိုင်ခြင်းမရှိတော့ကြောင်း Native Species Conservation & Identification (NSCI) အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ အကောင်ရေက ၁၀၀ အောက်မှာဘဲရှိတော့တယ်။ ဒီဘက်နှစ်ပိုင်းမှာ သားပေါက်နှုန်းက တစ်ကောင်စ နှစ်ကောင်စလောက်ပဲရှိပြီးတော့ သေတဲ့နှုန်းက တစ်နှစ်ကို ငါးကောင်၊ ခြောက်ကောင်လောက် သေနေတာ ကောင်ရေတွေ ဒီထက်ပို့ကျဖို့ပဲရှိတော့တယ်” ဟု ၎င်းက ရှင်းပြသည်။
ဧရာ၀တီလင်ပိုင်းများသည် ဧရာ၀တီမြစ်အတွင်း လွတ်လပ်စွာ နေထိုင်သည့် ရေချို့ရေငံနေ နို့တိုက်သတ္တဝါမျိုးစိတ်ဖြစ်ပြီး တံငါသည်များနှင့် ပူးပေါင်းကာ ငါးဖမ်းပေးလေ့ရှိသည့် တိရစ္ဆာန်လည်းဖြစ်သည်။
ထိုကဲ့သို့ လူများကို အကျိုးပြုသည့် တိရစ္ဆာန်များဖြစ်သော်လည်း လူများ၏ မဆင်မခြင် လျော့တိုက်ငါးဖမ်းမှုများကြောင့် ကောင်ရေပိုမိုလျော့ကျလာကြောင်း NSCI မှ တာဝန်ရှိသူတစ်ဦးက ဆက်လက်ရှင်းပြသည်။
“ လင်းပိုင်တွေက တခါတလေ အစာရှာထွက်ရင် ရေတိမ်ပိုင်းထိ အစာရှာကြတယ်။ အဲ့ဒီမှာလူတွေက ရှော့တိုက်တာတွေပေါ့ ၊ မသိလို့ဖြစ်စေ ၊ သိသိရဲ့နဲ့ဖြစ်စေ ရှော့တိုက်လိုက်ရင် လင်းပိုင်တွေကိုအကျိုးသက်ရောက်စေတယ်။ နောက်တစ်ခုက လူတွေထောင်ထားတဲ့ ပိုက်တွေနဲ့ငြိတယ်၊ အဲ့ဒီကနေ ထွက်လို့မရတော့ သေကုန်တယ်။ အဲ့ဒီလိုနဲ့ အကောင်အရေအတွက် လျော့ကြလာတာပါ” ´ဟု ၎င်းက ပြောသည်။
ယခင်က ဧရာဝတီလင်းပိုင်များသည် ဧရာ၀တီမြစ်ကြောင်းတစ်လျှောက်တွင် တွေ့ရှိရသော်လည်း လက်ရှိအချိန်တွင် မတွေ့ရသလောက်ထိ နည်းပါးလာကြောင်း မန္တလေးမြို့တွင် နေထိုင်သူ တစ်ဦးက ပြောသည်။ မတွေ့ရသလောက်ထိ နည်းပါးမှု့များရှိနေသည်ဟု မန္တလေးမြို့တွင် နေထိုင်သည့် သဘာဝပတ်ဝန်းကျင်လေ့လာနေသူတစ်ဦးကပြောသည်။
“ အရင်ဒီလိုလတွေဆို မင်းကွန်းဘက်မှာဆို လေးငါး ခြောက်ကောင်တွေ့ရတယ်။ အခုဆိုရင် တစ်ကောင်တစ်လေတောင်ရှာမတွေ့ဘူး။ အတော်ရှားလာတယ်လို့ ပြောရမယ်။ သူတို့ကို ထိန်းသိမ်းစောင့်ရှောက်မှု မရှိဘူးဆို ဆယ်စုနှစ်တစ်စုအတွင်း မျိုးသုဉ်းပျောက်ကွယ်သွားနိုင်တယ်” ဟု ၎င်းက ပြောသည်။
ဧရာ၀တီလင်းပိုင်များသည် ဧရာ၀တီမြစ်ကြောင်းတစ်လျှောက်အနက် မင်းကွန်းနှင့် ကျောက်မြောင်းမြို့ကြားတွင် ပိုမိုကျက်စားသည့်အတွက် ယင်းနေရာကို ဧရာ၀တီလင်းပိုင်ထိန်းသိမ်းရေးနေရာအဖြစ် ၂၀၀၇ခုနှစ် ဒီဇင်ဘာလတွင် သတ်မှတ်ခဲ့ပြီး နှစ်စဉ် လေ့လာမှုများပြုလုပ်ခဲ့သော်လည်း စစ်တပ်အာဏာသိမ်းပြီးနောက် လေ့လာမှုမရှိသလောက် နည်းပါးခဲ့သည်။
“ အဓိကကတော့ ဧရာ၀တီလင်းပိုင်တွေက မြစ်ထဲမှာ ရှိတဲ့ ငါးသယံဇာတ၊ ရေသယံဇာတတွေကို ထိန်းညှိပေးတယ်။ ပြီးတော့ ဧရာ၀တီလင်းပိုင်တွေကပဲ ငါးတွေရဲ့ ပေါက်ဖွားနှုန်းကိုပါ ထိန်းညှိပေးတာ၊ တချို့ငါးတွေဆို အကောင်ရေ အရမ်းများလို့ ငါးကောင်ရေလျော့သွားအောင် စားသုံးပေးတယ်။ ဂေဟစနစ်ကို ထိန်းညှိပေးတဲ့အထဲမှာ သူတို့ပါတယ် “ ဧရာဝတီလင်းပိုင် ထိန်းသိမ်းစောင့်ရှောက်ရေး ဆောင်ရွက်နေသူ တစ်ဦးက ပြောသည်။
ထို့ကြောင့် ဧရာ၀တီလင်းပိုင်များကို ထိန်းသိမ်းနိုင်ရန်အတွက် ဧရာဝတီ လင်းပိုင်များ ထိန်းသိမ်းရေးနားလည်မှု စာချွန်လွှာ (MOU)ကို ၂၀၀၇-ခုနှစ်၊ ဖေဖော်ဝါရီလဆန်းတွင် ငါးလုပ်ငန်း ဦးစီးဌာနနှင့် သားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCS)တို့ လက်မှတ်ရေးထိုးခဲ့ကာ ဧရာဝတီလင်းပိုင်များကျက်စားရာ မတ္တရာမြို့နယ် မြေစွန်းကျေးရွာ၌ အသိပညာပေးလုပ်ငန်းများ စတင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယခုကဲ့သို့ လူများ၏ မဆင်မခြင် ငါးဖမ်းခြင်း၊ ပိုက်ချခြင်းများကြောင့် ဧရာ၀တီလင်းပိုင်များ မျိုးသုဉ်းသွားပါက လူသားများသာ ထိခိုက်မည်ဖြစ်ကြောင်း NSCI မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
“ အဓိကက ကျွန်တော်တို့က အဘက်ဘက်ကနေ နိမ့်ကျနေလို့ဘာမှမလုပ်နိုင်တာ ၊ သူတို့ကိုထိန်းသိမ်းပြီးတော့ ပြပွဲတွေလုပ်လို့ရတယ်။ ပြီးတော့ ထိန်းသိမ်းရေးဇုန်တွေလုပ်ပြီး ကမ္ဘာလှည့်ခရီးသွားတွေကိုဆွဲဆောင်လို့ရတယ်။ ကမ္ဘာလှည့်ခရီးသွားတွေလာရင် ဧည့်လမ်းညွှန်တွေအတွက်လည်း အလုပ်အကိုင်အခွင့်အလမ်းရမယ်၊ ဒေသခံတွေအနေနဲ့လည်း လင်းပိုင်တွေကို အမှီပြုပြီးစားဝတ်နေရေးဖြေရှင်းလို့ရတယ်” ´ဟု ၎င်းကပြောသည်။
ဧရာဝတီလင်းပိုင်များကို မြန်မာနိုင်ငံတွင် ဧရာဝတီမြစ်ကြောင်းတစ်လျှောက်၊ ရခိုင်ကမ်းမြောင်ဒေသ၊ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသနှင့် မြိတ်ကျွန်းစုတို့တွင် တွေ့ရသည်။
ထို့ပြင် ဩစတြေးလျတိုက် မြောက်ပိုင်း၊ နယူးဂီနီ၊ ဖိလစ်ပိုင်၊ ဘင်္ဂလားပင်လယ်အော်၊ အိန္ဒိယအရှေ့မြောက်ဒေသ၊ ဂင်္ဂါမြစ်၊ အင်ဒိုနီးရှား မဟာခမ်မြစ်၊ ဘင်္ဂလားဒေ့ရှ် ဗြဟ္မပုတ္တရမြစ်၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်တို့ရှိ မဲခေါင်မြစ်ကြောင်းတစ်လျှောက်တို့တွင်တွေ့ရှိနိုင်ပြီး ယင်းနိုင်ငံများအနက် မြန်မာနိုင်ငံတွင် ဧရာ၀တီလင်းပိုင် ကောင်ရေသည် ပိုမိုများပြားကြောင်းလည်း သိရသည်။
ဧရာ၀တီလင်းပိုင်သည် ယခုအချိန်တွင် တစ်ကမ္ဘာလုံး၌ အကောင်ရေ၂၀၀ကျော်သာရှိပြီး အရွယ်ရောက်ပြီးသားအကောင်သည် ကိုးပေအရှည်ထိရှိကြောင်းသိရသည်။



