By Hlaing / MPA
မကွေးတိုင်း၊ ယောဒေသ၊ ဂန့်ဂေါခရိုင်အတွင်းရှိ ကျော၊ ဆော၊ ကျောက်ထုနှင့် ထီးလင်းမြို့နယ်တို့တွင် ကုန်စည်ဝင်ရောက်မှုနည်းပါးပြီး ကုန်စိမ်းများပင် ရှားပါးနေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
တော်လှန်ရေးတပ်ဖွဲ့များ အားကောင်းသည့် ယောဒေသတွင် ၂၀၂၂ခုနှစ် နှစ်လယ်ပိုင်းမှစတင်ကာ စစ်ကောင်စီက မြေပြင်စစ်ကြောင်းထိုးနိုင်ခြင်းမရှိတော့ဘဲ လက်နက်ကြီးနှင့် လေကြောင်းကိုသာ အသုံးပြု၍ ကျေးရွာများသို့ တိုက်ခိုက်ခြင်းများ လုပ်ဆောင်လျက်ရှိပြီး ဒေသခံတော်လှန်ရေးတပ်ဖွဲ့များကလည်း စစ်ကောင်စီ အင်အားကောင်းသည့် ကျော၊ ကျောက်ထုနှင့် ထီးလင်းမြို့နယ်များကို ရိက္ခာဖြတ်တောက်မှုများ ပြုလုပ်ထားကြောင်း သိရသည်။
ထိုကဲ့သို့ စစ်ကောင်စီတပ်စိုးမိုးထားသည့်နေရာများနှင့် ဆက်သွယ်ရေး အဓိကလမ်းပိုင်းများဖြစ်သည့် ဂန့်ဂေါ – ပေါက် – ပခုက္ကူ၊ ထီးလင်း – ကျောက်ထု – ပခုက္ကူ၊ ထီးလင်း – ကျော လမ်းပိုင်းများကို ဒေသခံတော်လှန်ရေးတပ်ဖွဲ့များက ပိတ်ဆို့ထားသည့်အတွက် ကျော၊ ဆော၊ ကျောက်ထုနှင့် ထီးလင်းမြို့တို့တွင် ကုန်စည်ပို့ဆောင်မှုခက်ခဲနေပြီး၊ အဆိုပါမြို့နယ်များရှိ ကျေးရွာများတွင်လည်း ကုန်စည်စီးဆင်းမှု နှေးကွေးလျက်ရှိသည်။
“ ကျတော်တို့ရွာသားတွေက ၂၀၂၂လောက်ထဲက ကျောမြို့ပေါ်ကို မသွားကြတော့ဘူး။ ကုန်စုံဆိုင်ကစျေးဝယ်တွေတော့ သွားကြတာရှိတယ်။ မြို့ထဲမှာက ကပစ ၂၃ က အင်အား ၄၀၀ လောက်ရှိသေးတယ်။ သူတို့လည်း အပြင်ထွက်မလာဘူး။ ခရီးသွားကား၊ ကုန်ကားတွေတော့ ဝင်တယ်။ ဒါပေမဲ့ ပစ္စည်းလိုအပ်သလောက် မရနိုင်ဘူး” ဟု ပုလဲ – ဂန့်ဂေါလမ်းမကြီးဘေးရှိ ကျေးရွာတစ်ရွာမှ အသက် ၂၈ နှစ်အရွယ် အမျိုးသားတစ်ဦးက MPA သို့ ပြောသည်။
ယခုကဲ့သို့ ကုန်စည်ဝင်ရောက်မှု နည်းပါးခြင်းကြောင့် ဟင်းသီးဟင်းရွက်များ ရရှိရန်အတွက် တောတောင်များအတွင်း ရှာဖွေရကြောင်း ကျောမြို့အနီးရှိ ကျေးရွာတစ်ရွာမှ မနွယ်က ပြောသည်။
“ အသားကတော့ ပေါတယ်။ အသီးအရွက်ရှားတာ၊ စျေးသည်တွေလဲ မလာဘူးလေ “ ဟု ၎င်းက ပြောသည်။
လက်ရှိ ထီးလင်းမြို့ကိုလည်း တော်လှန်ရေးတပ်ဖွဲ့များက ၂၀၂၂ခုနှစ်မှစတင်ကာ ပိတ်ဆို့ထားပြီး ယင်းမြို့ပေါ်ရှိ စစ်ကောင်စီတပ်သားများနှင့် ရဲများသည် ထီးလင်းမြို့ပေါ်ရှိ ရဲစခန်းနှင့် ရေမျက်နီရဲစခန်းတွင် တပ်စွဲထားပြီး အပြင်သွားလာမှု နည်းပါးကြောင်း ဒေသခံများက ဆိုသည်။
“ ထီးလင်းကို ကျတော်တို့ဘက်က ရိက္ခာဖြတ်တောက်ထားတယ်၊ ဘယ်လိုကားမှ အသွားအလာ လုံးဝမရှိဘူး။ စစ်ကောင်စီကတော့ မြို့ထဲကို Y – 12 နဲ့ ရိက္ခာတွေ လာချတယ်။ ထီးလင်းနဲ့ လေးငါးမိုင်လောက်ပဲဝေးတဲ့ ရွာတွေဆို စစ်ကြောင်းနဲ့ဝင်ပြီး မီးရှို့တာတွေတော့ ရှိသေးတယ်။ အောက်တိုဘာ ၂၇ ရက်နေ့ ညကဆို မြို့နဲ့ ငါးမိုင်ပဲဝေးတဲ့ ကျားခဲရွာက လေးယောက်ကို မီးရှို့သတ်သွားတယ်” ဟု ဒေသခံတော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
ယောဒေသတွင်း ကုန်စည်စီးဆင်းမှုနည်းပါးခြင်းကြောင့် ဒေသခံများအနေဖြင့် အခက်အခဲကြုံနေရသော်လည်း ဆောမြို့ပေါ်တွင် ဆန်နှင့် ဆီကဲ့သို့ အဓိက စားသောက်ကုန်များဝယ်ယူ၍ ရနေခြင်းကြောင့် အသက်ရှူချောင်ရကြောင်း ဆောမြို့နယ်တွင်နေထိုင်သည့် ၆၅နှစ်အရွယ် စစ်ရှောင်အမျိုးသမီး ဒေါ်တင်တင်(အမည်လွှဲ)ကဆိုသည်။
“ ပန်းဆန်ရွာဆိုရင် ကျောက်ထုအမြောက်တပ်ကနေ လှမ်းလှမ်းပစ်တာနဲ့ မနေရဲလို့ ရွာတွေဘက် ပြောင်းလာလိုက်တာ၊ ကျမတို့က ကုန်ရောင်း၊ ကုန်ဝယ် အနည်းအကျဥ်း လုပ်တာဆိုတော့ ပခုက္ကူ၊ မန္တလေးတို့ကနေ ပစ္စည်းမှာရတာပေါ့၊ ပေါက်မြို့နယ်ဘက်ကလည်း ကားအဝင်အထွက်မရှိဘူးလေ။ အဲ့ဒီတော့ ရက်ပိုင်းကြာတာမျိုးတော့ ရှိတယ်” ဟု ကုန်သည်အမျိုးသမီးတစ်ဦးက ဆိုသည်။
စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်တို့နှင့် ထိစပ်နေသည့် မကွေးတိုင်းအတွင်းရှိ ယောဒေသသည် ဒေသခံတော်လှန်ရေးအင်အားစုများ အားကောင်းရာ ဒေသတစ်ခုဖြစ်ပြီး၊ စစ်ကောင်စီတပ်မှ ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ထားသည့်ဒေသလည်း ဖြစ်သည်။