By Garcia Ni / MPA
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့တွင် စစ်ကောင်စီနှင့်ဒေသကာကွယ်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲပြင်းထန်နေပြီး မင်းတပ်မြို့မကျရေး စစ်ကောင်စီက လေကြောင်းပစ်ကူအများအပြားပေးနေရကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
မင်းတပ်မြို့ကို ချင်းညီနောင်မဟာမိတ်ပူးပေါင်းတပ်များက ၂၀၂၄ခုနှစ်၊ နိုဝင်ဘာရှစ်ရက်၊ ညဦးပိုင်းကစ၍ မြို့သိမ်းတိုက်ပွဲဆင်နွှဲနေခြင်းဖြစ်ပြီး နိုဝင်ဘာ ကိုးရက် ညနေပိုင်းကစ၍ စစ်ကောင်စီကလေကြောင်းပစ်ကူ အဆက်မပြတ်ပေးနေရခြင်းဖြစ်သည်။
“ အကြိမ်အရေအတွက် အတိအကျလောလောဆယ် ခန့်မှန်းရ ခက်ပါတယ်ဗျ။ တစ်နေကုန်နီးပါး နာရီပိုင်းခြားခြားပြီး လာလာပစ်တဲ့ အနေအထားပါ “ ဟု CDF (မင်းတပ်)တာဝန်ရှိသူက MPAကိုပြောသည်။
လက်ရှိတွင် တိုက်ပွဲပြင်းထန်နေဆဲကာလဖြစ်သည့်အတွက် တိုက်ပွဲအခြေအနေနှင့်ပတ်သက်၍ အသေးစိတ်ဖြေကြားနိုင်ခြင်းမရှိသေးကြောင်းကိုလည်း ၎င်းကပြောသည်။
မင်းတပ်မြို့မကျရေး စစ်ကောင်စီက လေကြောင်းပစ်ကူအများအပြားပေးနေရသည့်အပြင် ခလရ၂၇၄တပ်ရင်းမှလည်း လက်နက်ကြီးနှင့် ဒရုန်းများအသုံးပြု၍ ခုခံကာကွယ်နေကြောင်း သိရသည်။
ယင်းအပြင် မင်းတပ်မြို့နှင့်နယ်မြေထိစပ်နေသည့် မကွေးတိုင်း၊ ကျောက်ထုမြို့ အမြောက်တပ်မှလည်း မင်းတပ်မြို့ဘက်သို့ လက်နက်ကြီးပစ်ကူပေးလျက်ရှိကြောင်း ကျောက်ထုဒေသခံများထံမှ သိရသည်။
“ အရင်ကတော့ စစ်တပ်က ရဲစခန်းနဲ့ထွေအုပ်ရုံး ဘာညာမျိုးတွေမှာ ဖြန့်ကျက်ပြီးမှနေကြတာပေါ့ဗျာ။ အဲ့ဒါကိုမနေ့ကညနေမှာ ခလရ၂၇၄ ထဲကို အကုန်ပြန်ဆုတ်သွားကြတယ်လို့သတင်းရတယ် ” ဟု စစ်ရေးနှင့်နီးစပ်သည့် သတင်းရင်းမြစ်က MPAကိုပြောသည်။
CDF (မင်းတပ်)အနေဖြင့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် ဒရုန်းဖြင့်ဗုံးသီးချတိုက်ခိုက်မှုများကြောင့် အချိန်မရွေးတိုက်ပွဲများ ဖြစ်ပွားလာနိုင်ကြောင်းကို သြဂုတ်လကုန်ပိုင်းကတည်းက ထုတ်ပြန်ကြေညာခဲ့သည်။
ထို့ပြင် စစ်ကောင်စီဘက်မှလည်း မင်းတပ်မြို့၊ ခလရ(၂၇၄)တပ်ရင်းသို့ သြဂုတ်လကုန်ပိုင်းနှင့် စက်တင်ဘာလများအတွင်းက Y12 ထောက်ပို့လေယာဥ်ဖြင့် လက်နက်၊ ခဲယမ်းနှင့် ရိက္ခာများကိုဖြည့်တင်း၍ ခံစစ်ပြင်ဆင်နေခဲ့သည်။
ယင်းအပြင် ခလရ(၂၇၄)တပ်ရင်းအနီးရှိ ပြည်သူ့နေအိမ်များကို စက်တင်ဘာနှင့်အောက်တိုဘာလများအတွင်း စစ်ကောင်စီက မီးရှို့ဖျက်ဆီး၍ ပစ်ကွင်းရှင်းနေခဲ့သည်။
“ အရင်ကတည်းက မြို့ပေါ်ကလူသိပ်မနေဘူး။ နည်းနည်းပဲကျန်တာ၊ အခုကတော့ တိုက်ပွဲလည်းဖြစ်ပြီဆိုတော့ သူတို့လည်းရှောင်ကြမှာပါ။ ညကတော့တစ်ညလုံးလေယာဥ်ဝဲလို့ ချောင်ထဲမှာသွားအိပ်ကြရတယ်” ဟု မင်းတပ်မြို့နယ်၊ တိုက်နယ်အမှတ်နှစ်တွင် နေထိုင်သည့် အမျိုးသားတစ်ဦးက ပြောသည်။
ထို့သို့မင်းတပ်မြို့တွင် တိုက်ပွဲပြင်းထန်နေသည့်အတွက် ချင်းတောင်အဆင်းကားများကိုသာ ခွင့်ပြုပြီး ချင်းတောင်အတက်ကားများကိုမူ မကွေးတိုင်း၊ ဆောမြို့နယ်မှ ပိတ်ပင်တားဆီးထားကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည။