By Nway / MPA
မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်း၊ သရက်လေးပင်ကျေးရွာကို စစ်တပ်က လေကြောင်း၊ လက်နက်ကြီးနှင့် ဒရုန်းတို့ဖြင့် ဆက်တိုက် တိုက်ခိုက်ခဲ့ရာ ပြည်သူနှစ်ဦး ဒဏ်ရာရပြီး နေအိမ်ပျက်စီးမှုများလည်း ရှိကြောင်း သိရသည်။
ယနေ့ ( နိုဝင်ဘာကိုးရက် ) နံနက်ကိုးနာရီခန့်တွင် သရက်လေးပင်ကျေးရွာကို တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာတစ်စင်းဖြင့် အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ပေါက်ပကဖထံက သိရသည်။
“ ဗုံးကြဲတာက နှစ်ကြိမ်ဗျ။ ကျတဲ့နေရာမှာ ခြောက်ပေကျော်၊ ခုနှစ်ပေလောက် တွင်းကြီးဖြစ်ကျန်ခဲ့တာ။ ပေါင် ၅၀၀ ဗုံးဖြစ်မယ်လို့တော့ ခန့်မှန်းရပါတယ် ” ဟု ပေါက်ပကဖ သတင်းပြန်ကြားတာဝန်ခံ ကိုစစ်က MPA ကို ပြောသည်။
ထို့နောက် ပေါက်မြို့နယ်အခြေစိုက် ကပစ ၂၄ မှ ၈၁ (မမ) လက်နက်ကြီးဖြင့် ဆက်လက်ပစ်ခတ်ခဲ့ပြီး ပေါက်မြို့ပေါ်ရှိ စစ်ကောင်စီတပ်ကလည်း ဒရုန်းဖြင့် ယင်းရွာကို ထပ်မံ ဗုံးကြဲခဲ့ကြောင်း သိရသည်။
“ ဘာတိုက်ပွဲမှလည်း မရှိသလို သရက်လေးပင်ရွာက ကျတော်တို့လည်း အသွားအလာမရှိတဲ့ ရွာပါ။ ပြည်သူ နှစ်ဦးဒဏ်ရာရတယ်။ မစိုးရိမ်ရပါဘူး။ နေအိမ်ငါးလုံးပျက်စီးပြီး နွားခြောက်ကောင် သေတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
သရက်လေးပင်ရွာသည် ပေါက်မြို့နှင့် သုံးမိုင်ခန့်အကွာတွင် တည်ရှိပြီး ယနေ့၌ ပထမဆုံးအကြိမ် လေကြောင်းတိုက်ခိုက်မှု ခံရခြင်းဖြစ်ကြောင်း သိရသည်။

