By Ra Wai / MPA
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင် စစ်ကားသုံစီးကို PDF တပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သားသုံးဦးသေဆုံးကြောင်းသိရသည်။
နိုဝင်ဘာ ရှစ်ရက်၊ မွန်းလွဲ နှစ်နာရီဝန်းကျင်တွင် မြို့သာမြို့မှ မြင်းခြံမြို့နယ်၊ဆုံရွာဘက်သို့ ထွက်လာသည့် အင်အား ၇၀ဝန်းကျင်ပါ စစ်ကားသုံးစီးကို ငါန်းဇွန်မြို့နယ်၊ရွာသာအေးရွာအနီး၌ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ထိတွေ့တိုက်ပွဲ ၄၅မိနစ်ခန့်ကြာခဲ့ကြောင်း မြင်းခြံခရိုင်အမှတ်ခုနှစ်တပ်ရင်း (Zero ပြောက်ကျားတပ်ဖွဲ့) ထံက သိရသည်။
“ နယ်မြေအေးချမ်းဖို့အတွက် လုံခြုံရေးဆောင်ရွက်နေတဲ့အချိန် ဆုံရွာဘက်ကို တပ်စွဲမယ်ဆိုပြီး လာတဲ့ ကားသုံးစီးနဲ့ ရွာသာအေးရွာအနီးမှာ နှစ်ဖက်ထိပ်တိုက် တွေ့ကြတာပေါ့။ တွေ့ကြတဲ့အချိန်မှာ ကျတော်တို့က လက်ဦးမှုယူပြီး ပစ်ခတ်နိုင်ခဲ့တယ်” ဟု မြင်းခြံခရိုင်အမှတ် ခုနှစ်တပ်ရင်း (Zero ပြောက်ကျားတပ်ဖွဲ့) ခေါင်းဆောင် ကိုသက်ကြီးက MPA သို့ပြောသည်။
ယင်းတိုက်ခိုက်မှုတွင် အရာရှိတစ်ဦး ခြေထောက်ဖြတ်ပစ်ရမည့်အခြေအနေဖြစ်ကာ ၎င်းတို့ကို မြို့သာမှ ဆီမီးခုံသို့ ဆေးကုသရန်ခေါ်ဆောင်သွားကြောင်း သိရသည်။
“ မျက်မြင်လက်နက်ငယ်နဲ့ ပစ်တာ သုံးကောင်လဲကျသွားတယ်။ ဒီနေ့မနက် နောက်ဆုံးသတင်းရတာ လက်တွေထိတဲ့သူတွေရောပေါ့နော်။ အရာရှိတစ်ယောက်က ခြေထောက်ထိသွားတယ်တဲ့။ အဲ့အရာရှိက ခြေထောက်သေချာပေါက်ဖြတ်ရမယ်လို့ပြောတယ် ” ဟု ၎င်းကဆက်လက်ပြောသည်။
တိုက်ခိုက်မှုပြီးနောက် စစ်ကောင်စီကားများသည် မြို့သာမြို့သို့ ပြန်လည်ဆုတ်ခွာသွား ကြောင်းသိရသည်။
ယင်းတိုက်ခိုက်မှုကို မြင်းခြံခရိုင်အမှတ် ခုနှစ်တပ်ရင်း (Zero ပြောက်ကျားတပ်ဖွဲ့)၊ မြင်းခြံခရိုင်အမှတ်ခြောက်တပ်ရင်းနှင့် ဒေါင်းဘုရင်အဖွဲ့တို့ ပူးပေါင်းဆင်နွှဲခဲ့ပြီး PDF ရဲဘော်များအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။
စစ်သားများ ထိခိုက်၊ သေဆုံးမှုကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။

