By Ko Paing / MPA
ပဲခူးတိုင်း၊ ပေါင်းတည်မြို့အထွက်တွင် ခရီးသွားလူငယ် ၃၀ ဝန်းကျင်ကို စစ်မှုထမ်းရန်ဟုဆိုကာ စစ်တပ်က ဖမ်းဆီးသွားကြောင်းသိရသည်။
နိုဝင်ဘာရှစ်ရက်၊ မွန်းလွဲ တစ်နာရီဝန်းကျင်မှစ၍ ပေါင်းတည်မြို့အထွက်၊ရန်ကုန်-ပြည်ကားလမ်းပေါ်တွင် ဂိတ်ချကာ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအချို့ထံက သိရသည်။
“မြို့အထွက် သစ်ခွဖြူတည်းခိုခန်းနားမှာ ဖမ်းတာ။ဆိုင်ကယ်နှစ်ယောက်စီးလာရင် တစ်ယောက်ကျန်ခဲ့။အိမ်ကို ဖုန်းဆက်ခိုင်းတယ်။ပြီးတာနဲ့ အင်းမ တပ်ထဲပို့တာပဲ။ခုဆို ငါတို့ရွာက မင်္ဂလာဆောင်ခါနီး သတို့သားပါ အဖမ်းခံရတဲ့အထဲပါတယ်။ပိုက်ဆံနဲ့ထုတ်ရင်တော့ အနည်းဆုံးသိန်း ၁၀၀ ပဲ။အခုက ထုတ်ရ၊ မရတော့ မသိသေးဘူး” ဟု ပေါင်းတည်မြို့နယ်နေ လူငယ်တစ်ဦးက MPAသို့ ပြောသည်။
ဖမ်းဆီးခံရသူများအားလုံးကို အင်းမအခြေစိုက် တပ်မ၆၆ သို့ပို့ဆောင်ထားကြောင်း သိရသည်။
“ကျတော်က ပြည်ကို အဝေးသင်စာမေးပွဲဖြေဖို့သွားတာ။လမ်းမှာ ဖမ်းနေတာနဲ့ မသွားဖြစ်တော့ဘူး။ပတ်လမ်းလည်းမရှိတော့ သွားရမှာတောင် လန့်နေတယ်ဗျာ” ဟု ပေါင်းတည်မြို့ခံ တက္ကသိုလ်ပထမနှစ် ကျောင်းသားတစ်ဦး ကပြောသည်။
စစ်မှုထမ်းစုဆောင်းခံရသူများကို အင်းမအခြေစိုက် တပ်မ၆၆ မှတစ်ဆင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ဗထူးတပ်သို့ စစ်သင်တန်းတက်ရောက်ရန်ပို့ဆောင်ကြောင်းသိရသည်။
စက်တင်ဘာ ၂၆ ရက်၊ ညပိုင်းတွင်လည်း ပေါင်းတည်မြို့ပေါ်ရပ်ကွက်မှ နှစ်ဦး၊ဘိုကုန်းကျေးရွာမှ တစ် ဦးနှင့်ဟင်္သာကန်ရွာမကျေးရွာမှ နှစ်ဦးတို့ကို စစ်မှုထမ်းရန် စစ်တပ်က ဖမ်းဆီး ခေါ်ဆောင်သွား ကြောင်း သိရသည်။
“ဒီကောင်တွေက လူတွေမဟုတ်ဘူး။ကိုယ့်ဆီမလာခင် ကြိုပြေးထားရတာ။ကျတော်က PDF ထဲလည်းဝင်မတိုက်နိုင်ဘူး။ငွေကြေးတော့ ထောက်ပံ့ပေးနိုင်တယ်။အခုလည်း လစဥ် ကိုယ့်ကောင် တွေကို ပေးနေတယ်” ဟု ထိုင်းနိုင်ငံ၊ဘန်ကောက် သို့ တိမ်းရှောင်လာသည့် ပေါင်းတည်မြို့ခံ လူငယ်တစ်ဦးကပြောသည်။
ယခုနှစ်ဖေဖေါ်ဝါရီလအတွင်း စစ်မှုထမ်းဥပဒေကို စစ်ကောင်စီက အတည်ပြုပြီးနောက်များစွာသောပေါင်းတည်လူငယ်တို့သည် နီးစပ်ရာ PDFတပ်ဖွဲ့များထံ ဝင်ရောက်ကြသလို အိမ်နီးချင်းနိုင်ငံများသို့ ထွက်ခွာသူများလည်းရှိကြောင်း MPAက စုံစမ်းသိရသည်။