By Ra Wai / MPA
စစ်ကောင်စီ လွတ်ငြိမ်းခွင့်ပေးပြီး ၁၁ရက်အကြာတွင် NLDအစိုးရ လျှပ်စစ်ဝန်ကြီး ဦးဝင်းခိုင် ကျဆုံးခဲ့ကြောင်း သိရသည်။
NLDအစိုးရ၊လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဦးဝင်းခိုင်သည် နိုဝင်ဘာရှစ်ရက်၊ည၁၀နာရီခန့်တွင် မန္တလေး ပြည်သူ့ဆေးရုံကြီး၊ အထူးကြပ်မတ်ကုသဆောင်(ICU)တွင် ကုသမှုခံယူနေရင်း ကျဆုံးသွားခြင်း ဖြစ်ကြောင်း ရန်ကုန်အင်ဂျင်နီယာအသိုင်းအဝိုင်းထံက သိရသည်။
“မနေ့ညက ဆုံးတယ်လို့ သိရတယ်။ဦးဝင်းခိုင်ဆိုတာ အင်ဂျင်နီယာကြီးတစ်ယောက်ကနေ ကုမ္ပဏီ ပိုင်ရှင်ကြီးအဖြစ်နဲ့ အရင်စစ်အစိုးရလက်ထက်ကတည်းက သန့်သန့်ရှင်းရှင်းချမ်းသာကြွယ်ဝလာသူ ပါ။ NLDအစိုးရလက်ထက်မှာ တိုင်းပြည်အတွက် သူနိုင်တဲ့ဝန် ထမ်းမယ်ဆိုပြီး ဝန်ကြီးလုပ်တာပါ။ မှားပါတယ်ဆိုပြီး စစ်ကောင်စီကို ဒူးထောက်လိုက်ရင် အရင်ကတည်းက လွတ်လာနိုင်ပေမဲ့ ကြံ့ကြံ့ခံသွားခဲ့တာ” ဟု မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းဝင် အင်ဂျင်နီယာကြီးတစ်ဦးက MPAသို့ ပြောသည်။
ဦးဝင်းခိုင်သည် ကျန်းမာရေးဆိုးဝါးလာသဖြင့် မန္တလေး၊အိုးဘိုထောင်မှ မန္တလေးဆေးရုံကြီးသို့ တက် ရောက်ကုသမှုခံယူနေချိန် အောက်တိုဘာ၂၉ရက်တွင် စစ်ကောင်စီက လွတ်ငြိမ်းခွင့်ပြုခဲ့ခြင်း ဖြစ်သည်။
“ကျတော်တို့ ဒေါက်တာဇော်မြင့်မောင်လိုပါပဲ။ ထောင်ထဲမှာ လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက် မှုမရလို့ နောက်ဆုံးအချိန်ရောက်တဲ့အခါမှ ဆေးရုံပို့တယ်။လူကြားကောင်းအောင် လွတ်ငြိမ်းခွင့်ပေး တယ်။ ဦးဝင်းခိုင်ကိုလည်း အဲလို လုပ်တာပဲ” ဟု မုံရွာအခြေစိုက် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦး ကပြောသည်။
ယနေ့(နိုဝင်ဘာကိုးရက်)နံနက်၁၁နာရီတွင် မန္တလေးမြို့၊ကြာနီကန်သုဿန်၌ ဦးဝင်းခိုင်၏ ဈာပန ပြု လုပ်ကြောင်း သိရသည်။
NLDအစိုးရလက်ထက်တွင် ဦးဝင်းခိုင်ကို ဆောက်လုပ်ရေးဝန်ကြီးအဖြစ် စတင်ခန့်အပ်ခဲ့ပြီးနောက် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးအဖြစ် ပြောင်းလဲခန့်အပ်ခဲ့ခြင်းဖြစ်ပြီး စစ်တပ်က အာဏာသိမ်းသည့် နေ့၌ ဖမ်းဆီးခံရကာ တရားမဲ့ထောင်ဒဏ်၂၈နှစ် ချမှတ်ခံခဲ့ရသည်။
ဦးဝင်းခိုင်သည် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းဥက္ကဌတာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်ပြီး ကျဆုံးချိန်တွင် အသက်၇၄နှစ်ရှိပြီဖြစ်သည်။