By Hlaing / MPA
မြန်မာ – တရုတ်နယ်စပ်ဂိတ်များကို တရုတ်အစိုးရက ပိတ်ပြီးနောက်ပိုင်း ကချင်ပြည်နယ် မြို့တော်၊ မြစ်ကြီးနားနှင့် ဗန်းမော်မြို့တို့တွင် ဓာတ်ဆီစျေးမြင့်တက်နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁၉ ရက်တွင် ကချင်အထူးဒေသ (၁) ရှိ ပန်ဝါမြို့ကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က သိမ်းပိုက်ပြီးနောက် ကချင်ပြည်နယ်ရှိ တရုတ်-မြန်မာ နယ်စပ်ဂိတ်ပေါက်များရှိသည့် လွယ်ဂျယ်၊ မိုင်ဂျာယန်၊ လိုင်ဇာ၊ ပန်ဝါ၊ ဖီမော်နှင့် ကန်ပိုက်တည်မြို့များကို တရုတ်အစိုးရက ပိတ်ဆို့ခဲ့သည်။
ထိုကဲ့သို့ နယ်စပ်ဂိတ်များအားလုံး ပိတ်ပင်ခံရမှုကြောင့် မြစ်ကြီးနားမြို့တွင် တရုတ်ဘက်မှ စက်သုံးဆီဝင်ရောက်ခြင်းမရှိတော့ဘဲ လက်ကျန် စက်သုံးဆီစျေးနှုန်းများ အဆမတန်မြင့်တက်လာခြင်းဖြစ်သည်။
” မြစ်ကြီးနားမှာ အရင်လ(အောက်တိုဘာ)အထိ 92 တစ်လီတာကို ၅၀၀၀ ဝန်းကျင်ပဲရှိတယ်။ နယ်စပ်ဂိတ်တွေပိတ်လိုက်တော့ ၈၅၀၀ အထိ ခုန်တက်သွားတယ်။ အခုနိုဝင်ဘာလထဲရောက်တော့ ၁၀၀၀၀ ဝန်းကျင်အထိ စျေးတက်ပြီး ရောင်းနေကြတယ် ” ဟု မြစ်ကြီးနားမြို့၊ အောင်နန်းရပ်ကွက်မှ အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦးက MPA သို့ ပြောသည်။
ယခင်က မြစ်ကြီးနားနှင့် ဗန်းမော်မြို့တို့တွင် စက်သုံးဆီ 92 တစ်လီတာလျင် ကျပ် ၅၀၀၀ – ၆၀၀၀ ဝန်းကျင်သာ ရှိခဲ့ပြီး လက်ရှိ မြို့တွင်းရှိ ပန့်ဆိုင်ကြီးများတွင် 92 တစ်လီတာ ၁၀၀၀၀ ကျပ်နှင့် 95 တစ်လီတာ ၁၁၀၀၀ ကျပ် အထိ မြင့်တက်ကာ၊ လမ်းဘေး၌ တစ်နိုင်တစ်ပိုင်ရောင်းချနေသည့် ဆိုင်ငယ်အချို့မှာ ပိတ်ထားကြကြောင်း သိရသည်။
ယခုကဲ့သို့ စက်သုံးဆီရှားပါးမှုနှင့် စျေးနှုန်းမြင့်တက်မှုများကြောင့် ဆိုင်ကယ်ကို အဓိကအားထား၍ သွားလာမှုများပြုလုပ်နေရသည့် မြစ်ကြီးနားမြို့ခံများအနေဖြင့် အခက်အခဲများကြုံတွေ့နေရကြောင်း ဒေသခံများက ဆိုသည်။
“ ပြီးခဲ့တဲ့ ၂၀၂၂ လောက်ကလည်း ဓာတ်ဆီစျေးတွေမြင့်တော့ စက်ဘီးတွေ ဝယ်ကြရတယ်။ အခု ဓာတ်ဆီဝင်မလာဘဲ ဆက်တက်နေရင် ပိုခက်လာတော့မှာ၊ စျေးတက်နေရင် ပရဟိတအသင်းတွေ၊ ဆိုင်ကယ်ကယ်ရီဆွဲတဲ့သူတွေ၊ ဘေးတွဲသမားတွေဆို ပိုဆိုးတာပေါ့” ဟု မြစ်ကြီးနားမြို့ခံ အမျိုးသားတစ်ဦးက ဆိုသည်။
ထို့ပြင် ခရိုင်ရုံးများ တည်ရှိရာ ဗန်းမော်မြို့တွင်လည်း ဓာတ်ဆီစျေးနှင့်အတူ ကုန်ပစ္စည်းစျေးနှုန်းများလည်း မြင့်တက်နေကြောင်း အသက် ၃၅ နှစ် အရွယ်ရှိ အမည်မဖော်လိုသူ ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။
“ ကျမတို့ဘက်က အရင်ကတည်းက မန္တလေးဘက်ကပိတ်ထားတော့ ဓာတ်ဆီ တစ်လီတာကို ၇၅၀၀ ပေးရတယ်။ ဂိတ်တွေပိတ်လိုက်ပြီးတဲ့နောက် ၉၀၀၀ ဖြစ်သွားတယ်။ အရင်အပတ်က မူဆယ်လမ်းကလာတယ်ဆိုပြီး ကုန်ပစ္စည်းတွေစျေးနည်းနည်းကျသေးတယ်။ အခုပြန်တက်နေပြီ” ဟု ၄င်းက ဆိုသည်။
“ အင်းတော်မှာ ဓာတ်ဆီသယ်တဲ့ကားတွေ ပိတ်မိနေတာ အများကြီး၊ အင်းတော်မှာ တိုက်ပွဲဖြစ်နေတော့ အဲ့ဒီ့ဆီကားတွေ ဗန်းမော်ဘက်တက်လာဖို့ကလည်း မလွယ်သေးဘူး” ဟု အင်းတော်လမ်းပိုင်းတွင် ပိတ်မိနေသည့် ကားဆရာတစ်ဦးက ပြောသည်။
စစ်ကောင်စီ အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတစ်ဝန်း၌ ကျပ်ငွေစျေးမှာ လေးဆခန့်ကျဆင်းလာခဲ့ပြီး၊ ယင်းနောက်ဆက်တွဲအဖြစ် ကုန်စျေးနှုန်းနှင့် စက်သုံးဆီစျေးနှုန်းများမှာလည်း အဆမတန်မြင့်တက်နေခြင်းကြောင့် ပြည်သူများအနေဖြင့် အခက်အခဲမျိုးစုံကို ကြုံတွေ့လျက်ရှိနေသည်။